[Unicode]
ဆောင်းဦးရာသီ၊
တိုကျို၊ ဂျပန်နိုင်ငံ။အသက်ရှူသံများမှ လွဲ၍ ကျန်အရာအားလုံး တိတ်ဆိတ်နေသောကြောင့် အဲကွန်းဆီက လေထုတ်လွှတ်သံ တဝီဝီကို အတိုင်းသား ကြားနေရသည်။ အခန်းတစ်ခုလုံး အေးစိမ့်သော အငွေ့အသက်ကသာ ဖုံးလွှမ်းနေချိန်အတွင်း ထောင့်တစ်နေရာဆီမှ Keyboard သံ တချောက်ချောက်၊ အနည်းငယ် မ, ရွှေ့သော်လည်း မလွတ်သည့် ခုံရွှေ့သံ တဂျစ်ဂျစ်၊ လမ်းလျှောက်ရာမှ ထွက်ပေါ်လာသော ဖိနပ်သံ တဒေါက်ဒေါက်တို့ကသာ ရံဖန်ရံခါ မြည်၏။
စစ်ဗျူဟာသည် တစ်ချက် ငိုက်သွားမိရာမှ လန့်နိုးလာပြီးနောက် အညောင်းအညာပြေ ပြတင်းပေါက် အပြင်ဘက်သို့ ကြည့်မိလိုက်သည်။ ဆောင်းဦး ကုန်တော့မည်ဖြစ်၍ အပြင်ဘက်ရှိ ရာသီဥတုမှာ မသိမသာရော၊ သိသိသာသာပါ ပြောင်းလဲကာ လာနေ၏။
တစ်စွန်းတစ်စ ပေါ်နေသည့် ချယ်ရီကိုင်းများပေါ်တွင် အစောပိုင်း ကျထားသည့် နှင်းမှုန်လေးတွေက တင်ရစ်နေသည်။ ဂျင်ကိုပင်ဝါဝါနှင့် မေပယ်ရွက်နီနီတို့မှာ မြို့တစ်ခုလုံး ဖုံးလွှမ်းထားရင်းမှ တစ်စတစ်စချင်း ပျောက်ဆုံးလာသည်။
မှုန်ဝါးဝါးဖြစ်နေသော မျက်မှန်ကို အ၀တ်စနှင့် သုတ်ကာ ပြန်တပ်လိုက်လိုက်ပြီး လက်စမသတ်သေးသည့် ရှေ့က Excel file ကို ပြန်အာရုံစိုက် ထားလိုက်၏။ အအေးရှိန်ကြောင့် လက်ဖျားတွေက အနည်းငယ် တောင့်နေသည်။ ဒီတော့ စာရိုက်ရာတွင် ထင်သလောက် မတွင်ကျယ်။
"ဒေါက်... ဒေါက်... ဒေါက်"
မြင်းပြေးသလိုမျိုး လက်ချောင်းအားလုံး သုံးကာ စားပွဲခုံအား ခေါက်လိုက်သံ။ မော့ကြည့်မိတော့ သူ၏ တစ်ဦးတည်းသော သူငယ်ချင်းမလေး ဟိုနော့ခစံပင်။
"ဗျူဟာစံ ! အဖွဲ့ခေါင်းဆောင် ခေါ်နေပါတယ်။ အခန်းထဲကို လာခဲ့ပါတဲ့"
"ဘာတဲ့လဲ ဟိုနော့ခစံ"
"အဲ့ဒါတော့ မသိဘူး။ ဒါပေမဲ့ ဒီနေ့ နည်းနည်း အခြေအနေကောင်းတယ်"
ဟိုနော့ခစံက ပြုံးပြုံးရွှင်ရွှင် ပြောပြီး သူ(မ) နေရာထံ ပြန်သွားသည်။ Excel file ကို save ခဲ့ပြီးနောက် အခန်းကျယ်ကြီး၏ အလယ်မကျတကျတွင် ရှိသော အခန်းတစ်ခုထံ စစ်ဗျူဟာ လျှောက်သွားလိုက်၏။
YOU ARE READING
ပြိုမလိုလိုမိုး { Completed }
General Fictionအငြိုးတကြီးနဲ့ သည်းကြီးမည်းကြီး ရွာတော့မလို မင်းငါ့ဆီကို ရောက်လာခဲ့တယ်။ အခုတော့ လေပွေတစ်ချက် ဝှေ့လိုက်ရုံနဲ့ တိမ်ညိုတွေအားလုံးက ပျောက်ကွယ်သွားပြီတဲ့လား...။ 📖 - 9/09/2020 to 26/11/2020 ✍️ - 14/05/2020 to 5/09/2020