( 30 )

2.8K 200 37
                                    

[Unicode]

Happy birthday ဟူသော စာသားအား ချိတ်ဆွဲထားသည့် အခန်းထဲသို့ရောက်သောအခါ Romantic ဆန်ဆန်ပင်။ အနီရောင် စားပွဲခင်း ခင်းထားသည့် စားပွဲခုံပေါ်၌ မီးထွန်းညှိထားသော ဖယောင်းတိုင်များ၊ ဝိုင်ခွက်များက လှပစွာ‌ နေရာယူထားကြသည်။ သုံးရက် နောက်ကျပြီးမှ ပြုလုပ်ရခြင်း ဖြစ်သော်လည်း ပြုလုပ်ပေးသူ၏ စေတနာကြောင့် ဒီနေ့လိုပဲ မင်းအာဏာ ခံစားရပါ၏။

Happy birthday to you

Happy birthday to you

Happy birthday dear Ko Min

Happy birthday to you

ဆုလေးက မွေးနေ့ကိတ်အား ယူဆောင်လာပြီးနောက် သူ့ရှေ့မှာ ရပ်ကာ birthday song ကို ဆိုပေးလေသည်။ အဖြူရောင် ဇာဂါဝန်လေးနှင့် အဖြူရောင် ကိတ်ကလေးက တကယ်ကို ချစ်စဖွယ်။ လင်းလက်နေသော ဖယောင်းတိုင်လေးများအား မင်းအာဏာ မှုတ်ပစ်လိုက်၏။

"ပျော်ရွှင်မှုတွေကို ကိုမင်း ဘ၀ထဲ ယူဆောင်လာပေးမယ့် ဟောဒီက နတ်သမီးလေးနဲ့ မြန်မြန် ဖူးစာဆုံပါစေ"

ပြုံးပြုံးလေး ဆုတောင်းပေးလာတော့ မင်းအာဏာ ရယ်မိသွားရသည်။

"လိပ်မလေး ပေးတဲ့ဆုနဲ့ ပြည့်ပါစေဗျာ"

ကိတ်ကို လက်လွှဲယူ၍ စားပွဲပေါ်သို့ ချလိုက်သည်။ လှီးဖြတ်ရန် ဓားပါးလေးအား ယူမည် ပြင်စဉ်မှာပင် ဆုလေးက သူ့လက်ကို ဆွဲကိုင်လာပြန်၏။ သေချာ ငုံ့ကြည့်မှ ထိုအရာက လက်ပတ်နာရီ ဖြစ်နေသည်။

"ကိုမင်းအတွက် မွေးနေ့လက်ဆောင်။ ဒါလေးကို မြင်တိုင်း ဆုလေးကို သတိရအောင်လို့။ ပြီးတော့ ဆုလေးနဲ့လည်း ဆင်တူ။ အဟင်း ! ပြီးတော့ နောက်ကျသွားလို့ စိတ်မဆိုးနဲ့နော်။"

နာရီကို လာပတ်ပေးပြီးနောက် သူ(မ) ဘယ်ဘက်လက်ကိုပါ ထောင်ပြကာ ဆိုသည်။ ချွဲနေသော အမူအရာလေးကြောင့် ကြည်နူးစွာဖြင့်၊ တစ်စောင်း‌စောင်းထား၍ ဘေးသို့ ကျလာသော ဆံနွယ်လေးများအား နားရွက်ပေါ်သို့ သပ်တင်ပေးလိုက်၏။

"ကိတ် ခွဲရအောင်"

ချစ်ခြင်းဖြင့် ပြုလုပ်‌သော ကိတ်အရသာက ချိုမြိန်သည်။ ဝိုင်သည်ကား ရစ်မူးဖွယ်။ ပျော်ရွှင်ကြည်နူးစရာ ရယ်မောသံများနှင့်အတူ သူတို့နှစ်ယောက် တွေ့ဆုံချိန်က လျင်မြန်စွာ ကုန်ဆုံးသွားလေရာ နာရီလက်တံတို့အား ဆွဲကိုင်ရပ်၍ နှေးပစ်လိုက်ချင်မိ၏။

ပြိုမလိုလိုမိုး { Completed }Tempat cerita menjadi hidup. Temukan sekarang