( 10 )

3.9K 304 20
                                    

[Unicode]

"စိတ်လှုပ်ရှားနေတာလား"

ချွေးပြန်ချင်သလို၊ ဗိုက်နာသလိုလိုနှင့် ကဏှာမငြိမ်ဖြစ်နေသော သူ့အမူအရာကြောင့် အာဏာက လက်တစ်ဖက်အား ဆုပ်ကိုင်ပေးကာ မေးလာသည်။

"အင်း"

စိတ်မလှုပ်ရှားဘဲ သူနေနိုင်မည်တဲ့လား။ ယခုရောက်နေသည်က လက်ထပ်လက်မှတ်အတွက် စီစဉ်ပေးမည့် ရှေ့နေဆီမှာလေ။ စားပွဲဝိုင်း၌ ထိုင်စောင့်နေရင်းမှ တုန်လှုပ်နေရ၏။

"မင်း တကယ် စဉ်းစားပြီးပြီလား"

ခပ်ဖြည်းဖြည်းနှင့် တိုးတိုးလေး မေးလိုက်လျှင် စားပွဲပေါ် ချထားသည့် စာရွက်ကို လှန်လှောနေသော အာဏာက ပြန်လှည့်ကြည့်လာသည်။

"စစ်ကရော"

"ဘာလို့ ငါ့ကို ပြန်မေးနေတာလဲ"

မျက်၀န်းလဲ့လဲ့ထံမှ လွှဲဖယ်၍ ရှေ့ဆီ အကြည့်ပြန်ပို့ရင်း ပြောလိုက်လျှင် ဆုပ်ကိုင်ထားဆဲဖြစ်သော လက်က ပိုတင်းသွား၏။ ထို့နောက် ရယ်သံသဲ့သဲ့အား ကြားလိုက်ရသည်။

"စစ်ကတောင် နောင်တမရရင် ကိုယ်က ဘာလို့ နောင်တရရမှာလဲ။ စစ်က လက်ခံတယ်ဆိုတာ ကိုယ်ကံကောင်းတာ မလား"

စကားတတ်တတ်နှင့် ပြောလာတော့လည်း စစ်ဗျူဟာ နည်းနည်း ပြုံးမိသွားရ၏။ ပါးချိုင့်တစ်ဖက်က ရေးရေးထင်သွားလျှင် လေတိုးမှုတစ်ခုအားလည်း ခံစားလိုက်ရသည်။ လူရှေ့မှာတောင် ဒီလိုလုပ်ရဲသည်မှာ လက်ဖျားခါရလောက်၏။

သူကသာ နားရွက်ဖျားများ နီနေသော်လည်း မင်းအာဏာက ခပ်ပြောင်ပြောင်။ သူမလုပ်လိုက်သည့် ဟန်ပန်ဖြင့် ပုံမှန်အတိုင်း ပြန်ထိုင်နေ၏။

"စောင့်နေရတာ စိတ်မရှိပါနဲ့ဗျာ"

အခန်းတံခါးက ပွင့်သွားပြီးနောက် ရှေ့နေက ဝင်လာသည်။ သူတို့ရှေ့ခုံ၌ ထိုင်လိုက်ပြီး အိတ်ထဲက စာချုပ်ကို ထုတ်ကာ စားပွဲပေါ် တင်ပေး၏။

"လူကြီးမင်းတို့ လက်မှတ်ထိုးနိုင်ပါပြီ"

ချောမွတ်နေ‌သော စာရွက်သားကို ဘယ်ဘက်လက်ချောင်းများဖြင့် ဖိလိုက်ပြီးနောက် ညာဘက်လက်ဖြင့် ဘောပင်ကို ကောက်ကိုင်လိုက်သည်။ နဂိုမူလက တုန်ချင်နေသော လက်မှာ ယခု ပိုတုန်လာရ၏။ ထိုအခိုက်အတန့်၀ယ် သူ့ခေါင်းထဲ အတွေးမျိုးစုံကလည်း ရောက်လာသည်။

ပြိုမလိုလိုမိုး { Completed }Место, где живут истории. Откройте их для себя