( 31 )

2.6K 209 46
                                    

[Unicode]

နေရာတွင် ထိုင်ကျန်ခဲ့ရင်းမှ မင်းအာဏာ ဇက်ကို လှန်ကာ ခုံပေါ် မှီချလိုက်သည်။ ဒီတစ်နေ့တာလုံး ကြုံတွေ့ခဲ့ရသည့် ကိစ္စပေါင်းစုံက သူ့ခေါင်းထဲတွင် စုပြုံလာ၏။ ဘာတွေမှန်း မသိ၊ ပူလောင်ကာ အကြောများအား ကိုက်ခဲစေသည်။

"ဘာမှ မဖြစ်ရသေးရင်လည်း ဖြစ်အောင်သာ လုပ်လိုက်ကြ ! အဲ့ဒါဆို နှစ်ဦးနှစ်ဖက် အဆင်ပြေသွားပြီ မဟုတ်လား။"

"ဘာတွေ ဖုံးကွယ်ထားသေးလို့ ဒီလောက်အထိ မပြတ်မသား ဖြစ်နေရတာလဲ"

"ဆုလေးက ဒီလောက်မှ ဦးစားပေး မခံရရင်လည်း အဲ့သူငယ်ချင်းနဲ့ပဲ ကိုမင်း ဆက်နေတော့ !"

ဆုလေး စကားများကို ပြန်ကြားယောင်မိတိုင်း ခေါင်းပိုကိုက်သလိုပင်။ ဘာကြောင့်များ ဆုလေးဟာ ဒီလို ပြောထွက်ခဲ့ပါလိမ့်။ ဘာကြောင့်များ သူ့အချစ်တွေကို မမြင်နိုင်ခဲ့ရပါလိမ့်။ ဘာကြောင့်များ သူ(မ)အတွက် ခင်းကျင်းပေးခဲ့သော ဇာတ်လမ်းဘက်က ရှိမနေခဲ့ရပါလိမ့်။

"ကိုမင်း ဘာလုပ်လုပ် ဆုလေးက ကိုမင်းဘက်က။ ဆုလေးအတွက် လုပ်ပေးတာဆို ပိုတောင် ချစ်ပေးရမှာပေါ့။ ဆုလေးအချစ်ဆုံးက ဟောဒီက ကိုမင်း။ ဘယ်တော့မှ စိတ်ကောက်ပြီး ရန်ဖြစ်ရမယ့် relationship မျိုး ဆုလေး မတည်ဆောက်ဘူး။ ဆုလေးတို့အရွယ်က တည်ငြိမ်ရင့်ကျက်‌သင့်ပြီလေနော်။ ဘာဖြစ်လာလာ အတူရင်ဆိုင်ဖြေရှင်းရမှာပေါ့။"

ဘယ်တုန်းကမှ သူ(မ) ထိုစကားအတိုင်း မလိုက်နာခဲ့ပါချေ။ ချစ်သူကိုမို့ ချွဲသည်၊ နွဲ့သည် မှန်သော်လည်း ဘယ်တုန်းကမှ သူနှင့်အတူ ရင်ဆိုင်ဖြေရှင်းပေးခဲ့ခြင်း မရှိ။ ဒီကိစ္စတွင်လည်း သူ(မ)သာ ပညာတော်သင်ကို ရွှေ့ဆိုင်းခဲ့ပါက သူ ဒီလို လုပ်စရာမရှိ။

အခုတော့ သူကပဲ အပြစ်ဖြစ်ရသည်။ သူ့ရွေးချယ်မှုကပဲ မှားယွင်းရသည်။ သူကပဲ သူ(မ)ကို နာကျင်စေသည် ပြန်ဖြစ်ရသည်။ ဆုလေးဟာ ဘယ်တော့မှ သူ့ဘက်ကို မကြည့်။ သူ့ခံစားချက်ကို နားမလည်။ သူ့ချစ်ခြင်းကို မယုံကြည်။

ခံပြင်းမှု၊ အားမလို အားမရ ဖြစ်မှုနှင့် အတူ ဆိုင်တံခါးကို တွန်းဖွင့်ကာ ထွက်လိုက်လျှင် မိုးပေါက်လေးများက သူ့ခေါင်းပေါ် အလုအယက် ခုန်ချသည်။ ညနေက ဆုလေးမျက်နှာပေါ်ရှိ တိမ်မည်းများအား ပြိုစေချင်ခဲ့သော သူ့ဆုတောင်းမှာ နေရာမှား၍ ပြည့်ခဲ့ပုံပေါ်၏။ ယခု ကောင်းကင်ပြင်ဟာ အင်နှင့်အားနှင့် ရွာချဖို့ စိုင်းပြင်နေလေသည်။

ပြိုမလိုလိုမိုး { Completed }Where stories live. Discover now