[Unicode]
လေငွေ့နွေးနွေးက မျက်နှာပြင်ကို လာရောက် ထိခတ်နေသည်။ စောင်ခြုံထဲမှာ ကွေးနေသော ခန္ဓာကိုယ်ကလည်း သန်မာသော လက်အစုံ၏ လာဖက်ထားခြင်းကို ခံနေရ၏။
အနည်းငယ် လွန့်လူးကာ မျက်လုံးကို ဖွင့်ကြည့်လိုက်လျှင် ရတနာ ရှာဖွေတူးသူလို တောက်ပသော မျက်၀န်းများဖြင့် တစ်စုံတစ်ယောက်ကလည်း စူးစူးစိုက်စိုက် ကြည့်နေ၏။
"ဘာကြည့်နေတာလဲ"
ကောက်ညင်းထုပ် ဖြစ်နေရာမှ ရုန်းကန်လိုက်ရင်း ရှက်ဝဲဝဲဖြင့် စစ်ဗျူဟာ မေးမိသည်။ မသိလျှင် သူ့မျက်နှာထဲကပဲ ရွှေတွေ၊ ငွေတွေ ထွက်လာတော့မလို။
"Morning"
သို့သော် မေးခွန်းမှာ အဖြေမရှိ။ နဖူးပေါ်သို့ နူးညံ့မှုလေးကသာ ကျရောက်လာသည်။ ပျားရည် ဆက်တိုက် လောင်းခံနေရတော့ နှုတ်ခမ်းကို ဖွဖွလေး ကိုက်လိုက်မိ၏။
"ငါလေးက ဒီတစ်ရက်လုံးမှာ အိပ်တာပဲ လုပ်လိုက်ရတာပေါ့လေ"
"စစ်ပဲ အိပ်ချင်နေတယ်ဆို။ ဘယ်လိုနေသေးလဲ။"
ဘယ်လိုနေလဲ သိချင်လျှင် ဝင်ခံစားကြည့်ပါတော့လား။ တစ်ကိုယ်လုံး နာနေသော်လည်း ပေါက်ကရစကားကြောင့် အမြင်ကတ်ကတ်ဖြင့် ဘုတောလိုက်မိသည်။
"ဘယ်လိုမှ မနေဘူး"
"အဲ့ဒါဆို ရေချိုးပြီး အပြင်သွားရအောင်။ ကိုယ် စစ် အိပ်ပျော်နေတုန်းက လျှောက်လည်ဖို့ နေရာလေးတွေ ရှာထားတယ်။"
စစ်ဗျူဟာ မျက်ဖြူလန်မိသွားရသည်။ နှစ်လကြာလည်း ဒီတုံးနေတာက ပျောက်မသွားခဲ့။ ဘာပြောပြော အဟုတ်ပဲ ထင်နေသည်။ ဦးနှောက်ဖြင့် စဉ်းစားမကြည့်။
"မင်း ဘယ်လိုတောင် အလိုက်မသိတဲ့ကောင်လဲ။ ငါက လျှောက်လည်ဖို့အထိ အခြေအနေ ကောင်းနေတယ်လို့ ထင်လား။"
စိတ်တိုတိုဖြင့် အော်လိုက်လျှင် မင်းအာဏာက ရယ်သည်။ ပါးတစ်ဖက်ကို လာနမ်းလိုက်ပြီးမှ ခပ်တိုးတိုး ဆက်ပြောလာ၏။
"ညနေပိုင်းလေး ခဏ သွားမယ်လေ။ အဲ့ဒါဆို စိတ်ပင်ပန်းတာ ပျောက်သွားမှာ။"
ESTÁS LEYENDO
ပြိုမလိုလိုမိုး { Completed }
Ficción Generalအငြိုးတကြီးနဲ့ သည်းကြီးမည်းကြီး ရွာတော့မလို မင်းငါ့ဆီကို ရောက်လာခဲ့တယ်။ အခုတော့ လေပွေတစ်ချက် ဝှေ့လိုက်ရုံနဲ့ တိမ်ညိုတွေအားလုံးက ပျောက်ကွယ်သွားပြီတဲ့လား...။ 📖 - 9/09/2020 to 26/11/2020 ✍️ - 14/05/2020 to 5/09/2020