( 25 )

2.6K 201 9
                                    

[Unicode]

"တီတီ တီတီ"

စားပွဲထောင့်မှ တယ်လီဖုန်း မြည်လာ၍ မင်းအာဏာ ကောက်ကိုင်လိုက်သည်နှင့် အတွင်းရေးမှူး၏ အသိပေးသံက ထွက်လာသည်။

"ဆရာ ဒီမှာ ဆုလေးမြတ်ဆိုတဲ့ အစ်မတစ်ယောက်က ဆရာနဲ့ တွေ့ချင်တယ်လို့ ပြောနေပါတယ်။ ကြိုချိန်းထားတာတော့ မရှိဘူးတဲ့။ လွှတ်လိုက်ရမလား ဆရာ။"

ထူးထူးခြားခြား ဆုလေးမြတ်ဟူသော နာမည်ကြောင့် နားကြားမှားသည် ထင်လိုက်ရ၏။ အရင်ကဆိုလျှင် ချိန်းလိုက်တိုင်း အချိန်တော်တော်များများက "ဆုလေး စာသင်နေတုန်း၊ မအားသေးဘူး ကိုမင်း" ဟု ပြန်ပြောတတ်သူဖြစ်သည်။ ယခုတော့ ဆိုက်ဆိုက်မြိုက်မြိုက် သူ့ကုမ္ပဏီထိပင် ရောက်လာသည်တဲ့။

"လွှတ်လိုက်လေ။ ပြီးရင် ကော်ဖီနှစ်ခွက်ပါ လာပို့ပေးပါ။"

"ဟုတ်ကဲ့ ဆရာ"

Laptop ကို ပိတ်လိုက်ပြီးနောက် ဆက်တီခုံရှိရာသို့ မင်းအာဏာ လျှောက်သွားလိုက်သည်။ ထိုစဉ်မှာပင် တံခါးမကြီးလည်း ပွင့်လာပြီး နတ်သက်ကြွေလာသော နတ်သမီးတစ်ပါးဟန်ပန်မျိုးနှင့် ဆုလေးက ၀င်လာတော့သည်။

"လာ ဆုလေး၊ ထူးထူးဆန်းဆန်းပါလား။"

"ကိုယ့်ချစ်သူဆီ ကိုယ်လာတာ ဘာထူးဆန်းလို့လဲ"

ဆုလေးက မျက်စောင်းလေး တစ်ချက်ထိုးကာ နှုတ်ခမ်းဆူသည်။ အသည်းယားစရာ အမူအရာကြောင့် မနေနိုင်၊ မထိုင်နိုင် ဖြစ်သွားရ၏။

"ဘာမှ မထူးဆန်းပါဘူးဗျာ။ အရင်က တစ်ခါမှ မလာဖူးလို့။"

ဆုလေးက 'ဟွန့်' ခနဲ မြည်သံပေးကာ ခုံပေါ်သို့ ခြေထောက်ချိတ်ပြီး ထိုင်ချလိုက်သည်။ ထိုအခါ ဖိနပ်အနက်ရောင်နှင့် လိုက်ဖက်လှပလွန်းသည့် ဖြူဖြူဖွေးဖွေး ခြေသလုံးသားလေးတွေက ပေါ်လာ၏။

"ရုပ်ရှင်ကြည့်ရအောင် လာခေါ်တာ၊ ရုံးဆင်းပြီမလား။"

ပန်းဖျော့ရောင် အလှဆင်ထားသော လက်များနှင့် လက်မှတ်နှစ်စောင်ကို စားပွဲပေါ် တင်လိုက်ကာ ဆိုသည်။ မင်းအာဏာမှာ နည်းနည်းတော့ ဘေးကျပ်နံကျပ် ဖြစ်သွားရသည်။

ပြိုမလိုလိုမိုး { Completed }Where stories live. Discover now