( 23 )

2.5K 212 22
                                    

[Unicode]

ပြန်လာစဥ်က ရီဝေဝေ ဖြစ်နေခဲ့သော ညနေခင်း၏ အမှောင်ထုက ယခုအခါတွင်တော့ လုံးလုံးလျားလျားကို မှောက်ကျသွားလေပြီ။ ကောင်းကင်တစ်ခုလုံးမှာ မင်ရည်စွန်းသော လက်ကိုင်ပုဝါအလား မည်းနက်နေပြီး ကြယ်လေးတချို့သာ ဟိုတစ်ကွက် ဒီတစ်ကွက် လက်နေ၏။

ဇက်ကြောကို အနည်းငယ် ပြေအောင် နှိပ်လိုက်ပြီးမှ ပြတင်းပေါက်တစ်ချပ်ကို စစ်ဗျူဟာ ထပိတ်လိုက်သည်။ ထို့နောက် ထမင်းစားချိန် ရောက်ပြီမို့ အောက်ထပ်သို့ ဆင်းလာခဲ့လိုက်၏။

"သား လာ"

အာဏာဖေဖေနှင့် မေမေက ထမင်းစားပွဲဝိုင်း၌ ထိုင်နေကြသည်။ ဆုံဆည်းရန် စောင့်နေသည် မဟုတ်သော်လည်း မျက်နှာခြင်းဆိုင် တွေ့ရတော့ အတူတူသာ စားဖြစ်လိုက်ကြ၏။ သို့ရာတွင် နံဘေး၌ ထိုင်သူမရှိ၍ နေရထိုင်ရတာ သူ့အတွက် ရှိုးတိုးရှန့်တန့် ဖြစ်နေရသည်။

"အာဏာ ပြန်မလာသေးဘူးထင်တယ်"

"ဟုတ်တယ် မေမေ"

ရိုးရိုးမေးခြင်း ထင်လိုက်သော်လည်း အာဏာ့မေမေက သူဖြေပြီးသည်အထိ ဆက်ကြည့်နေဆဲ။ ဇဝေဇဝါနှင့် ပြန်မော့ကြည့်လိုက်မှ နှစ်သိမ့်သည့်ဟန်ပန်မျိုးနှင့် ပြုံးပြလာ၏။

"ခုရက်ပိုင်း အလုပ်ရှုပ်နေတယ် ထင်ပါ့။ အဲ့လိုပဲ စစ်ရေ။ ကုမ္ပဏီက ခန့်မှန်းမရဘူး။ တစ်ခါတလေလည်း သူ အိမ်မှာ ကပ်ချင်ကပ်နေတာ။ တစ်ခါတလေလည်း ညနက်မှ ပြန်ရောက်တတ်တယ်။"

"ညနက်မှ ?"

ညနေစောင်းသည်နှင့် ရုံးဆင်းချိန်အမီ ရောက်လာတတ်သူမို့ ညနက်သည်ဟူသော ကိစ္စက သူ့ကို အနည်းငယ် လှစ်ဟာသွားစေရသည်။

"အိပ်ချိန်တော့ မကျော်ပါဘူး။ မေမေက စိတ်မပူဖို့ ပြောပြတာ။ တော်ကြာ တခြားနေရာတွေ သွားနေတယ်လို့ သား ထင်မှာစိုးလို့လေ။"

ဒီတော့လည်း စစ်ဗျူဟာ ခေါင်းညိတ်ပြလိုက်၏။ အဲ့လိုမျိုးတော့လည်း သူ မထင်ပါ။ ရှိနေကျလူ မရှိ၍ စိတ်ထဲ လိုအပ်နေသည်ဟု ခံစားရခြင်းသာ။

"ခုလုပ်နေတဲ့ နေရာမှာရော အဆင်ပြေရဲ့လား"

ရေခွက်ကို မော့သောက်ပြီး ပြန်ချရင်း အာဏာ့အဖေက မေးလာသည်။ စိတ်လှုပ်ရှားစွာဖြင့် အောက်နှုတ်ခမ်းကို စစ်ဗျူဟာ နည်းနည်း ဖိမိလိုက်၏။

ပြိုမလိုလိုမိုး { Completed }Where stories live. Discover now