[Unicode]
ကိုယ်အိမ်မှာ ထိုင်နေ၍သာ မသိသာသော်လည်း မြန်မာနိုင်ငံမှာ ခရီးသွားကြသည့်သူက အတော် များသားပင်။ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ထဲရှိ မြောက်များစွာသော လူထုအား လိုက်ကြည့်ရင်း ခန့်မြတ်ပြောသလို ခုနေ ဘူတာတို့၊ ကားဂိတ်တို့မှာလည်း ထိုကဲ့သို့ပင် ဖြစ်မည်ဟု တွေးမိ၏။
ပုရွက်ဆိတ်ကလေးများ အစာချီကာ အားကြိုးမာန်တက် လှုပ်ရှားနေကြသကဲ့သို့ လူအုပ်ကြီး၏ စိတ်သန္တာန်တွင်လည်း အမျိုးမျိုးသော ဝန်တာများအား ထမ်းဆောင်၍ သွားလာနေကြသည်။ နိုင်ငံရပ်ခြားရှိ အလုပ်အကိုင်၊ စိတ်ပြေလက်ပျောက် အလည်အပတ် ခရီး၊ မွေးရပ်က မိဘများထံ အပြေးပြန်လာမည့် ရင်သွေးငယ်၊ ချစ်သူရှိရာ လိုက်ပါမည့် အချစ်ငှက်ကလေးများ စသည်စသည်ဖြင့်။
"ကဲ သားတို့ နောက်နှစ်ပတ်ကြာရင် ပြန်တွေ့ကြမယ်။ အာဏာ စစ်လေးကို ဂရုစိုက်။ သားလေး အာဏာ တစ်ခုခု မကောင်းတာ သားအပေါ်လုပ်ရင် မေမေ့ကို လှမ်းတိုင်နော်။"
သွားခါနီး သူ့လက်ကို ဆွဲကိုင်ကာ အထပ်ထပ် မှာကြားနေသော ယောက္ခမဖြစ်သူအား စစ်ဗျူဟာ ကျေးဇူးတင်စွာဖြင့် ကြည့်မိသည်။ သူ(မ)၏ အဖိုးတန်သားလေးအား မိမိက ယူထားသော်လည်း မငြူစူဘဲ ဒီလောက်အထိ ဂရုစိုက်ပေးရှာသည့် အမေမျိုးက အတော်ရှားမှာ အမှန်ပင်။
စိတ်ပြေလက်ပျောက် အပျော်ခရီးဟု ခေါင်းစဉ်တပ်ကာ အာဏာ့ဖေဖေနှင့်မေမေက အီတလီသို့ နှစ်ပတ်ကြာ ခရီးသွားကြမည် ဖြစ်သည်။ Venice ကို သူက ခဏခဏ ကြားဖူးနေသလို ယောက္ခမနှစ်ဦးကလည်း ခဏခဏ သွားတတ်ကြပုံ ရ၏။
Venetian တို့၏ သမိုင်းကြောင်းများကို ရှင်းပြရင်း တူးမြောင်းတို့၏ ကျက်သရေ၊ Adriatic ပင်လယ်၏ ကြည်လင်သော ရေပြင်အလှ၊ ရွှေရောင်တောက်သော နေဝင်ချိန်များနှင့် မပါမဖြစ် gondola တို့ကိုပါ သွားရေကျခမန်း ပြောပြကြသေးသည်။
ဒီတော့ သူ့မှာ ပါးစပ်ဟောင်းလောင်းကလေး။ ပြည်ပခရီးကို ဂျပန်ကလွဲလျှင် မသွားဖူးခဲ့သလို သွားဖို့ရာ တတ်လည်း မတတ်နိုင်သဖြင့် Social media ကနေသာ ကြည့်ဖြစ်၊ လေ့လာဖြစ်ခဲ့သည်။ ယခုလို အနားနီးနီးမှ သူက ပြောပြလာတော့ ချက်ချင်းလက်ငင်း သူပါ ထိုမြင်ကွင်းတို့ကို မြင်လာရသည့်အလား ခံစားမိလာ၏။ Renaissance, la serenissima တို့ကို နှုတ်ဖျားမှ ရေရွတ်ကြည့်မိသည်။
YOU ARE READING
ပြိုမလိုလိုမိုး { Completed }
General Fictionအငြိုးတကြီးနဲ့ သည်းကြီးမည်းကြီး ရွာတော့မလို မင်းငါ့ဆီကို ရောက်လာခဲ့တယ်။ အခုတော့ လေပွေတစ်ချက် ဝှေ့လိုက်ရုံနဲ့ တိမ်ညိုတွေအားလုံးက ပျောက်ကွယ်သွားပြီတဲ့လား...။ 📖 - 9/09/2020 to 26/11/2020 ✍️ - 14/05/2020 to 5/09/2020