( 33 )

2.6K 191 13
                                    

[Unicode]

တစ်ယောက်ကို တစ်ယောက် စူးစိုက်ကာ ကြည့်နေသော အကြည့်များက ပြင်းထန်လွန်းလှသဖြင့် လျှပ်စီးပင် ထွက်နေသလားဟု ထင်ရသည်။ အနီရောင် နှုတ်ခမ်းဆိုး‌ဆေး ပိုင်ရှင်၏ အပြုံးမှာ မဲ့ပြုံးဖြစ်၍ ပန်းဆီရောင် နှုတ်ခမ်းဆိုးဆေး ပိုင်ရှင်၏ အပြုံးကား အောင်နိုင်သူ အပြုံး ဖြစ်၏။

နှစ်ဦးစလုံးမှာ လှပချောမောသလို မာနကလည်း ခေါင်ခိုက်နေသူများ ဖြစ်ရာ ထိုအမူအရာကပင် မြင်သူများအား စိတ်ဝင်စားစေသလို။ ဘာအတွက်ကြောင့်များ မိန်းမလှလေး နှစ်ဦး ထိုမျှအထိ ရန်ဖြစ်နေကြရသလဲ။ ဘယ်အကြောင်းအရာကများ သူ(မ)တို့အား ရန်ဖြစ်စေပါသလဲ။

ဖြစ်‌ကြောင်းကုန်စင်အား ခြေရာကောက်ရပါလျှင် စတင်ခဲ့သည့် ရေစက်များကို ပြန်ပြောင်း ပြောရမည် ထင်သည်။

ဆုလေးမြတ်နှင့် ၀တ်လွှာရုံ။

အမေ့ဝမ်းဗိုက်မှ လွတ်မြောက်၍ လူ့လောကဆီ ရောက်ပါပြီ ဆိုကတည်းက တစ်ဆေးရုံတည်း မွေးဖွားလာခဲ့ကြသူများ။ တိုက်တိုက်ဆိုင်ဆိုင် တစ်လမ်းတည်းမှာ မနီးမဝေး နေခဲ့ကြသူများ။ သူငယ်တန်းမှ ဆယ်တန်း ဖြေသည့် အထိ တစ်ခန်းတည်း တက်ခဲ့ကြဖူးသူများ။

ထိုကဲ့သို့ ရေစက်များစွာ ရှိသူတို့ မည်သည် အချင်းချင်း ချစ်ခင်ဖို့ရာ ဝန်မလေးကြလောက်မည် ဖြစ်သော်လည်း ဆုလေးမြတ်နှင့် ဝတ်လွှာရုံကတော့ တစ်ယောက်ကို တစ်ယောက် ချစ်ဖို့ရာ သေမလောက် ကြောက်ကြပါ၏။

ထို့အပြင် ငယ်ကတည်းကနေ တက္ကသိုလ် ရောက်သည့်အထိလည်း အမြဲတစေ ပြိုင်ဆိုင်ခဲ့ကြ၏။ လှပမှု၊ ဉာဏ်ရည်နှင့် ဂုဏ်ဒြပ်တို့ ကြားတွင် မိန်းမလှ အမုန်းတို့က သိပ်ကို ပြင်းထန်ခဲ့၏။

သို့သော်လည်း ဆုလေးမြတ်က ဉာဏ်ပိုကောင်းပြီး ၀တ်လွှာရုံက ပို၍ အာဏာပါဝါ ရှိသည်မို့ အမြဲတမ်းတော့ တစ်ယောက်တည်းကချည်း နိုင်နေခြင်းမျိုး မဟုတ်ခဲ့‌ပေ။ တစ်ယောက်ရှုံးလျှင် တစ်ယောက်နိုင်သည်။ တစ်ယောက်နိုင်လျှင် တစ်ယောက်ရှုံးသည်။ လောကကြီးက သူ(မ)တို့အပေါ် မျှမျှတတ ဆက်ဆံခဲ့၏။

ပြိုမလိုလိုမိုး { Completed }Nơi câu chuyện tồn tại. Hãy khám phá bây giờ