( 7 )

4.3K 310 18
                                    

[Unicode]

ညက သောက်ထားသည့် အရှိန်ကြောင့် ခုမနက် ထွက်လာခဲ့ချိန်မှာ နည်းနည်း လင့်သွားရသည်။ နေက အရှေ့ကျွန်းမှ ထွက်ပြီး၍ ခေါင်းပေါ်ကိုပင် တော်တော်ကျော်နေလေပြီ။ ပွဲတော်က ညဘက်ပါ ဆက်ရှိသေး၍သာ တော်သည် ပြောရမည်။

"ဘယ်မှာ ကြည့်မှာလဲ"

အဆုံတစ်နေရာ၌ ရပ်ကာ စီစဉ်သူအား စစ်ဗျူဟာ မေးလိုက်သည်။ အိမ်မှ ထွက်ရုံရှိသေးသည့်တိုင် အပြင်ဘက်ဟာ လူစည်ကားနေလေပြီ။ တစ်စုစီ၊ တစ်စုစီ သွားနေကြသည်မှာ လမ်းကြားလေး ဖြစ်လျက်က မနည်းမနော ရှိ၏။

"အိုဆာကာ မြစ်ကမ်းဘေး"

အနက်ခံတွင် အနွယ်ခက်များပါသော အင်္ကျီနှင့် style pant ကို စတိုင်ကျကျ တွဲ၀တ်ထားခြင်းက လတ်ဆတ်နေသလို အရှိန်အဝါတစ်မျိုးလည်း ရှိပြန်သည်။ ဒီကြားထဲ ကြောင်တောင်တောင် နေကာမျက်မှန်က တပ်ထားသေးသည်။

"ပန်းသွားကြည့်ရမှာလား။ မင်းကိုပဲ လူတွေ ဝိုင်းကြည့်ရမှာလား"

မှုန်ကုပ်ကုပ်မေးလိုက်လျှင် မျက်မှန်ကို အင်္ကျီရင်ဘတ်၌ ချိတ်ကာ ဖြေသည်။

"ကြည့်ချင်တာ ကြည့်ပေါ့။ နှစ်ခုလုံးက လှတာပဲ"

စစ်ဗျူဟာ အန်ချင်သည့်ပုံ လုပ်ပြလိုက်သည်။ အာဏာက ရယ်လျက် စတင်ခြေလှမ်းပြင်၏။ လမ်းကြားမှ ချိုးကွေ့၍ လမ်းမပေါ် ရောက်လာသောအခါ လူအုပ်ကြား၌ နှစ်ယောက်သား ရောနှောသွားလေတော့သည်။

နွေဦးပန်းကြည့်ပွဲ‌တော်မှာ ဂျပန်လူမျိုးတို့၏ နာမည်ကြီးလှ‌သော ပွဲတော်များထဲမှ တစ်ခုဖြစ်သည်။ အေးစက်စက် ဆောင်းရာသီ၏ နှင်းအမှောင်ထုကြီး လွန်မြောက်ပြီးသောအခါ တစ်ဖန်ပြန်လည် ထွန်းလင်းလာသော နေရောင်ခြည်အောက်တွင် ပန်းနုရောင်ချယ်ရီပန်းလေးများက လှပစွာ ပွင့်လန်းစောင့်ကြိုကြသည်။

လူတိုင်းမှာ ထိုမြင်ကွင်းအား ကြည့်ကာ ကြည်နူးကြသည်။ အလေးအနက် ကြိုတင်ပြင်ဆင်၍ တကူးတက သွားရောက် ငေးမောကြသည်။

သူတို့သွားမည့် အိုဆာကာမြစ်ကမ်းရှိ ပန်းကြည့်ရမည့်နေရာမှာ ခါမ ဆာကူရာနော့မိယ ဟု ခေါ်သော ပန်းခြံဖြစ်သည်။ ပန်းခြံနှင့် အိုဆာကာမြစ်သည် ယှဉ်လျက်ရှိပြီး မြစ်၏ ဟိုဖက်ခြမ်းသည် စီးပွားရေး ကုမ္ပဏီများ၊ ဟိုတယ်များ၊ ကွန်ဒိုများ စသည့် အထပ်မြင့်တိုက်များ စိုးမိုးရာဖြစ်သည်။

ပြိုမလိုလိုမိုး { Completed }Where stories live. Discover now