( 9 )

3.7K 305 49
                                    

[Unicode]

ဂျူလိုင်မိုးက ရုံးဆင်းကတည်းက ညို့မှိုင်းကာ ရွာနေလိုက်သည်မှာ မပြတ်တမ်း။

မုန်တိုင်းရှိကြောင်း ကြေညာထားခဲ့သော်လည်း ဒီလောက်အထိ သည်းသည်းမည်းမည်း ရှိမည် ထင်မထားခဲ့ပေ။

လေပွေတို့က လူအများအား ဖမ်းယူစားသောက်တော့မည်အလား ထင်မှားရစွာ အသံကျယ်ကြီးဖြင့် မြည်တမ်းကာ လာနေသလို သစ်ပင်ကြီးငယ်တို့မှာလည်း ထိုအရှိန်ကြောင့် ဟိုဒီလွန့်လူးကာ ယိမ်းခါ‌နေကြသည်။

လမ်းမပေါ် ပြည့်နေသော ရေများမှာ စစ်ဗျူဟာ၏ ဖိနပ်ကို စိုစွတ်စေရုံမျှသာမက ခြေဖမိုးအထိပါ လာရောက် စိမ့်အေးစေသည်။ ကြမ်းတမ်းစွာ တိုက်ခတ်နေသော လေကြောင့် ထီးပါမသွား‌အောင် မနည်း ထိန်းကိုင်ထားရသလို အဘက်ဘက်မှ တိုက်ခတ်နေသော ရေပါမိုးကြောင့် အောက်ပိုင်းတစ်ခုလုံးက စိုရွှဲသွားရ၏။

ဒီနေ့မှ အိမ်ကလည်း ဝေးနေသလိုပင်။ အေးစက်မှုကြောင့် လူက မြန်မြန်ရောက်ရန်သာ စိတ်စောနေတော့၏။ အိမ်ရောက်လျှင်တော့ အိပ်ရာထဲ၌ စောင်ခြုံ၍ ကွေးမည်။ အိပ်ရာနိုးလျှင် ခေါက်ဆွဲပြုတ်ပူပူလေးကို ရှူးရှူးရှဲရှဲ မှုတ်သောက်မည်။ အတွေးကြောင့် ခြေလှမ်းကို ခပ်ကျဲကျဲလေး လှမ်းလိုက်မိ၏။

သို့ရာတွင် လူအားလုံးအပေါ် မျှတစွာ ဆက်ဆံတတ်သော အကွာအဝေးက မည်သူ့ကိုမျှ ဘက်မလိုက်။ အချိန်တစ်ခု ကြာပြီးမှ ပြီးဆုံးချိန် ရောက်လာ၏။

အမိုးအောက်ရောက်မှ စစ်ဗျူဟာမှာ ကြက်ပေါက်ကလေးပမာ ကုပ်ထားသော ကိုယ်ကို ပြန်ဆန့်လိုက်ရသည်။ လက်ပေါ်တင်နေသော မိုးသီးအချို့ကို သပ်ချလိုက်ပြီးနောက် ထီးကိုလည်း တန်းမှာ ချိတ်လိုက်၏။ ထိုအခိုက်မှာပင် လမ်းမပေါ်မှ လေက တရကြမ်း ဝှေ့တိုက်လာပြန်သည်။ ကြက်သီးတဖြန်းဖြန်း ထသွားရ၍ ဆန့်ရာမှ ပြန်လည်ကုပ်နေလိုက်မိ၏။

"သေတော့မှာပဲ။ ဘာလို့ ဒီလောက် တိုက်နေရတာလဲ !"

မကျေမနပ် ရေရွတ်လိုက်ပြီးနောက် ဖိနပ်ကို ချွတ်ကာ စင်ပေါ် ပစ်တင်လိုက်သည်။ ထို့နောက် တုန်ခိုက်စွာဖြင့် တံခါးဖွင့်မည် ပြင်လိုက်လျှင် ခပ်ဟဟ ပွင့်နေသည်ကို သတိထားမိသွားရ၏။

ပြိုမလိုလိုမိုး { Completed }Nơi câu chuyện tồn tại. Hãy khám phá bây giờ