⟨⟨ Ouo link ကနေ ဝင်ကြည့်ဖို့ မမေ့ပါနဲ့နော် ⟩⟩
[Unicode]
"တော်စမ်းပါ ကိုကျော်ထွန်း။ ဒီနေ့တော့ ကျွန်မ ရှင်နဲ့ မပေါင်းနိုင်တော့ဘူး။ ရှင့်ဘာသာရှင်ပဲ အဲ့ဒီမယားငယ်မနဲ့ နေရစ်။"
အချိန်ကား မိုးလင်းစ ပြုနေပြီဖြစ်၏။ အနားကပ်၍ ကြက်တွန်သည့်အခါ မနိုးတတ်သော်လည်း ဒေါသသံပါသော ဒီအသံကျယ်ကျယ်ကြောင့် စစ်ဗျူဟာ နိုးလာမိခဲ့သည်။
"မဟုတ်ဘူး မေရီ။ သူနဲ့ ငါ ဘာမှ မဟုတ်ဘူး။ ဒီအတိုင်း ခရီးသွားလို့ သူ့အိမ်မှာ တည်းတာ။ ငါက ဘာလို့ သူ့ကို ယူရမှာလဲ။ သူက မုဆိုးမတစ်ယောက်။ ပြီးတော့ ကလေးတစ်ယောက်နဲ့။"
"ဘာလို့ ယူရမလဲ ရှင်ကိုယ်တိုင်ပဲ သိမှာပေါ့။ မယူချင်ရင် ဘာလို့ တစ်ပတ်တောင် သူနဲ့နေလဲ။ မိန်းမ နေမကောင်းတာကို ဆေးခန်း လိုက်မပို့ဘဲ ထားခဲ့ပြီး ဘာလို့ အဲ့ဒီမိန်းမဆီလဲ။"
ကွာမယ်၊ ယူတယ် ဟူသော စကားများမှာ အရင့်အရင် ရက်များက သူများအိမ်တွေ ပြောနေကျ ဖြစ်သော်လည်း မိမိအိမ်မှာတော့ ပထမဆုံး ကြားဖူးသည် ဖြစ်သောကြောင့် အိပ်ရာထဲက လူးလဲထလာမိလျှင် အိမ်ရှေ့ခန်း၌ မေမေက အထုတ်ကို လက်တစ်ဖက်က ထည့်ရင်း ခေါင်းမော့၍လည်း ဖေဖေ့ကို အော်ပြောနေသည်။ ထိုအခါ ကုလားထိုင်နားတွင် ကျောခိုင်း ရပ်နေသော ဖေဖေက ဒေါသတကြီး လှည့်ကြည့်လာ၏။
"အလုပ်ကိစ္စ အရေးကြီးလို့လို့ ပြောပြီးပြီးပဲ။ ငါ လှိုင်မင်းတို့ကို မှာခဲ့တယ်။ မင်း အစ်မ ဆေးခန်းသွားချင်ရင် လိုက်ပို့ပေးပါလို့ သေချာမှာခဲ့တယ်။"
"တော်စမ်းပါ။ ရှင့်သောက်ဖော်သောက်ဖက်တွေက အရေးအကြောင်းဆို အမြဲမူးပြီး အိပ်ပျော်နေတာချည်းပဲ။ မတော်လို့ အဲ့ဒီနေ့က ကျွန်မ သေသွားရင် ဘယ်လိုလုပ်မလဲ။ ဟင်။ နေမကောင်းတဲ့လူနဲ့ သားနဲ့။ သားက ဆန်ပြုတ်တည်ဖို့ မပြောနဲ့ မီးတောင် မမွေးတတ်သေးတဲ့ ကလေး။ ဆေးခန်း ဘယ်လိုလိုက်ပို့မလဲ။ မြို့အထွက်က ဆရာဝန်ကို ဘယ်လို သွားခေါ်မလဲ။ ကျွန်မတို့နှစ်ယောက်ကို ဖြစ်ချင်ရာဖြစ် ရှင် ထားခဲ့ပြီး အဲ့ဒီမိန်းမဆီ သွားတာ။ အဲ့ဒါ မယားငယ် မဟုတ်လို့ ဘာလဲ။"
YOU ARE READING
ပြိုမလိုလိုမိုး { Completed }
General Fictionအငြိုးတကြီးနဲ့ သည်းကြီးမည်းကြီး ရွာတော့မလို မင်းငါ့ဆီကို ရောက်လာခဲ့တယ်။ အခုတော့ လေပွေတစ်ချက် ဝှေ့လိုက်ရုံနဲ့ တိမ်ညိုတွေအားလုံးက ပျောက်ကွယ်သွားပြီတဲ့လား...။ 📖 - 9/09/2020 to 26/11/2020 ✍️ - 14/05/2020 to 5/09/2020