⟨⟨ Ouo link ကနေ ဝင်ဖတ်ပေးဖို့ မမေ့ပါနဲ့နော်။ ⟩⟩
[Unicode]
သော့နှုတ်လိုက်သည်နှင့် သော့ခလောက်လေးလေးက ချောက်ခနဲ လေထဲ တွဲလောင်းကျသွားသည်။ ရာသီဥတုကား ဘာလိုလို။ ပေါ်လစ်တင်ထားသော တံခါးချပ်ကို နောက် ဘယ်တော့မှ ထပ်မတွေ့ရတော့မည့် ချစ်သူအလား စမ်းတဝါးဝါး ပွတ်သပ်လိုက်မိ၏။
"အကုန်ပါတာ သေချာလား"
Luggage အိတ်ကို ကောက်ဆွဲလိုက်ရင်းမှ မေးလာသည့် ဂုဏ်ရောင့်အမေးကို စစ်ဗျူဟာ ခပ်ဖြည်းဖြည်း ခေါင်းညိတ်ပြလိုက်သည်။
"အရင်နေ့ကတည်းက အကုန် ထည့်ထားပြီးသား။ တော်ပြီလေ။ ဘာထပ်ယူရဦးမလဲ။"
"အေးပါ ကျန်ခဲ့မှာစိုးလို့"
မြေကွက်လပ်ထဲက အိမ်ဟာ ထီးထီးနှင့် သီးသီးသန့်သန့်။ နေရောင် မပွင့်တပွင့်မို့ ခပ်ဝါးဝါး အလင်းရောင်အောက်မှာ မြူခိုးတို့ အုံ့ဆိုင်းနေသလိုလို။ အဖြူရောင်မှာ ခပ်ပြယ်ပြယ် ဖြစ်လျက်၊ အပင်စိမ်းစိမ်းတို့မှာ အေးစိမ့်သည့် သဏ္ဌာန်။
"မင်းကို ငါလေ အစက၊ မဟုတ်ဘူး။ တစ်ချိန်လုံး လူပျော့ပျော့၊ စိတ်ပျော့ပျော့ကလေးလို့ ထင်ခဲ့တယ်။ တစ်ခုခုဆို မင်း အရမ်းတုန်လှုပ်သွားမှာကို သိပ်စိုးရိမ်တာပဲ။ အဲ့ဒါကြောင့် ကောင်းသတင်းကို ဖြစ်ဖြစ်၊ မကောင်းသတင်းကို ဖြစ်ဖြစ် ချင့်ချိန်ပြီးမှ ပြောဖြစ်ခဲ့တယ်။"
ဂုဏ်ရောင့်အကြည့်က အုံ့မှိုင်းနေ၏။ သူ ရပ်နေရာ မြင်ကွင်းလိုပင်။ တောအုပ်နက်နက်ကဲ့သို့ ဒီမျက်ဝန်းထဲမှာ ဘာတွေ ရှိနေမလဲ မသိနိုင်။
"ကောင်းတယ်လို့ပဲ ပြောရမလား၊ ဆိုးတယ်လို့ပဲ ပြောရမလား။ ခုတော့ မင်းက လူနဲ့ မလိုက်အောင် စိတ်မာလိုက်တာ။"
မှတ်ချက်စကားကြောင့် စစ်ဗျူဟာ့နှုတ်ခမ်းဖျားက ဖျတ်ခနဲ ကွေးသွားရသည်။
"စိတ်မာတယ်၊ စိတ်ပျော့တယ်ဆိုတာ ဘာကို ကြည့်ပြီး ခွဲတာလဲ ဂုဏ်ရောင်"
"အဓိပ္ပာယ်တော့ သေချာ မပြောတတ်ဘူး။ ငါ့စိတ်ထဲတော့ မင်းက ကာကွယ်ပေးချင်စရာလေးပဲ။ ဒီလိုသာ ပြောလိုက်ရင် မင်း ကြောက်သွားမှာ၊ ဒီလိုသာ ပြောလိုက်ရင် မင်း ပျော်သွားမှာ ဆိုတာကို အစောကြီးကတည်းက ကြိုတင် ခန့်မှန်းမိနေတယ်။"
ŞİMDİ OKUDUĞUN
ပြိုမလိုလိုမိုး { Completed }
Genel Kurguအငြိုးတကြီးနဲ့ သည်းကြီးမည်းကြီး ရွာတော့မလို မင်းငါ့ဆီကို ရောက်လာခဲ့တယ်။ အခုတော့ လေပွေတစ်ချက် ဝှေ့လိုက်ရုံနဲ့ တိမ်ညိုတွေအားလုံးက ပျောက်ကွယ်သွားပြီတဲ့လား...။ 📖 - 9/09/2020 to 26/11/2020 ✍️ - 14/05/2020 to 5/09/2020