[Unicode]
မနေ့က ဒီနေ့ ရုံးပိတ်သည်ဟု ဆိုသည်။ ထိုစကားက အမှန်ဖြစ်ပုံရစွာ ယနေ့မနက် သူနိုးပြီးသည့်တိုင် အာဏာ အိပ်ရာမထသေး။ Cocktails သောက်တာ သူက သိပ်မများသော်လည်း အာဏာကတော့ နည်းနည်းများ၏။ ထို့ကြောင့် ခေါင်းမူးပြေ ပျားရည်ဖျော်ပေးရန် အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။
"ရေနွေးတစ်ခွက်လောက် လိုချင်လို့ အန်တီ။ ပျားရည်နဲ့ သံပုရာသီးရော။"
ထမင်းချက်အန်တီက အာဏာတို့နှင့် ၀မ်းကွဲတော်သည်ဟု ဆိုသည်။ ထို့ကြောင့် ရိုရိုသေသေသာ သူဆက်ဆံဖြစ်၏။
မကြာပါ၊ စစ်ဗျူဟာ တောင်းသည်များကို အန်တီက ယူလာချပေးသည်။ ထို့နောက် သူဘာလုပ်မည်လဲ စူးစမ်းချင်၍လား၊ သို့တည်းမဟုတ် သူ ပေါက်ကရလုပ်မှာကို စိတ်ပူ၍ပဲလား မသိ၊ အနား၌ ဆက်ရပ်နေ၏။
ရေနွေးဆူဆူကို ဖန်ခွက်ထဲ လောင်းထည့်ပြီးနောက် သံပုရာသီးကို ညှစ်ထည့်ကာ ပျားရည်ကိုလည်း နည်းနည်းထည့်လိုက်သည်။ အားလုံးပြီး၍ မွှေလိုက်သောအခါ အရက်နာကျ ပျောက်သည့် ဆေးတစ်ခွက်ရလာ၏။ ဒီလောက်တော့ အမှားအယွင်းမရှိ သူလုပ်တတ်ပါသည်။
သံပုရာရည် ပေသွားသော လက်ကို မဆေးခင် ပျားရည်ဘူးကို ပြန်ကျပ်ကာ အခွံများအား အမှိုက်ပုံးထဲ ထည့်ရန် ပြင်လိုက်သည်။ သို့ရာတွင် ခြေလှမ်းသည်နှင့် ထမင်းချက်အန်တီက ဖမ်းဆွဲလိုက်၏။
"ထားလိုက် သားလေး။ အမှိုက်တွေ အန်တီ သိမ်းလိုက်မယ်။"
"ကျေးဇူးပါ အန်တီ"
လက်သာ ဆေးလိုက်ပြီးနောက် ထိုဖန်ခွက်ပူပူကို အောက်ခံပန်းကန်ပေါ် တင်ကာ အပေါ် ပြန်တက်လာခဲ့လိုက်၏။
အခန်းတွင်း ၀င်သွားလိုက်သောအခါ အာဏာက နိုး၍ မျက်နှာပင် သစ်ပြီးနေလေပြီ။ ဆိုဖာပေါ် သက်သက်သာသာ ကျောမှီပြီး Laptop ကို ကြည့်နေ၏။
"ဘယ်သွားတာလဲ"
"ဒီမှာလေ"
ဖြေရင်း လက်ထဲက ပန်းကန်ကို မြှောက်ပြလိုက်သည်။ ထို့နောက် အာဏာထိုင်နေသည့် ဘေးသို့ ၀င်ထိုင်ကာ ထိုပန်းကန်ကို စားပွဲပေါ် တင်ပေးလိုက်၏။
YOU ARE READING
ပြိုမလိုလိုမိုး { Completed }
General Fictionအငြိုးတကြီးနဲ့ သည်းကြီးမည်းကြီး ရွာတော့မလို မင်းငါ့ဆီကို ရောက်လာခဲ့တယ်။ အခုတော့ လေပွေတစ်ချက် ဝှေ့လိုက်ရုံနဲ့ တိမ်ညိုတွေအားလုံးက ပျောက်ကွယ်သွားပြီတဲ့လား...။ 📖 - 9/09/2020 to 26/11/2020 ✍️ - 14/05/2020 to 5/09/2020