( 28 )

2.3K 200 19
                                    

[Unicode]

"ကျန်းမာရေး ဂရုစိုက်နော် မေမေ။ ခန့်မြတ်အတွက်လည်း စိတ်မပူပါနဲ့။ သား မကြာမကြာ သွားကြည့်ပါမယ်။"

ပုံမှန်အတိုင်းဆို လူ‌ရှေ့မှာ ဖက်ရမည်ကို ရှက်တတ်သော်လည်း ဒီနေ့က မေမေ့ကို အနီးအနား၌ နောက်ဆုံးတွေ့ရမည်မို့ စိတ်ရောကိုယ်ပါ နှစ်ကာ စစ်ဗျူဟာ ဖက်လိုက်၏။ မေမေ့ကိုယ်က လတ်ဆတ်သော ရနံ့လေး ရနေသည်။ ငယ်စဉ်အခါက မေမေ ရေချိုးပြီးစ လိုက်ဖက်ခဲ့ဖူးသလိုမျိုးပင်။

"သားလည်း လိမ်လိမ်မာမာနေ၊ မေမေစိတ်ချမယ်နော်။ အာဏာ့ကို ခဏခဏပြောရတာ အားနာလိုက်တာ။ စစ်ကို စောင့်ရှောက်ပါကွယ်။"

သူ့ကို ဖက်ရင်းမှ အာဏာ့မျက်နှာကို ကြည့်ကာ မေမေက အားနာဟန်ဖြင့် ဆိုသည်။ သမက်အလိမ္မာလေးက ခေါင်းကိုယမ်းကာ ပြုံးပြ၏။

"ရပါတယ်၊ ဘာမှမဖြစ်ပါဘူး အန်တီ။ စိတ်ချပါ။ ကျွန်တော် စစ်ကို အများကြီး ဂရုစိုက်ပါ့မယ်။ မှဲ့တစ်ပေါက်တောင် မစွန်းစေရသလို ဘယ်သူကမှလည်း မညှဥ်းဆဲစေရပါဘူး။"

မေမေက စိတ်ချသွားဟန် သူ့ခေါင်းကို ပွတ်သည်။ သူကသာ ၀မ်းနည်းနေသော်လည်း မေမေက ဘာမှသိပ်မဖြစ်သလိုပင်။

"( ... ) ကားပေါ်သို့ လိုက်ပါမည့် ခရီးသည်များ ကားပေါ်တက်လို့ ရပါပြီခင်ဗျာ"

စပါယ်ယာက အနားလေးတင် ကပ်ကာ လာအော်၍ သူတို့လည်း အထုတ်များကို ဝိုင်းဆွဲလိုက်ကြ၏။ အိမ်ဖို့ ထည့်ယူသွားသည့် ပစ္စည်းက မနည်းမနောမို့ ကားထဲထည့်ချိန်တွင် သုံးခေါက်လောက်ခွဲ၍ သယ်လိုက်ရသည်။

"လမ်းမှာ ကားနားရင် ဖုန်းဆက်နော် မေမေ။ အိမ်ရောက်ရင်လည်း လာကြိုခိုင်းဦး။ အထုတ်တွေက များတယ်။"

"အေးပါကွယ်။ အေးပါ။"

မေမေက လက်ပြနှုတ်ဆက်သည်။ ထို့အတူ ကားကြီးကလည်း အဝေးပြေးကွင်းထဲမှ တရွေ့ရွေ့နှင့် ထွက်ခွာသွားလေ၏။

ငယ်ငယ်က မေမေနှင့် အတူတူ အိမ်ပြန်ဖို့ရာ ဒီကွင်းမှာ အကြိမ်ကြိမ် လာရောက် စီးဖူးပါသည်။ သို့ရာတွင် ထိုအချိန်ကတော့ ကလေးလည်း ဖြစ်သလို သားအမိနှစ်ယောက် အတူတူ ပြန်သည်ပဲမို့ ဘာကမှ ထူးခြားသည် မထင်ရ။ ကားလမ်းကို ဖြတ်ကြမည်၊ အထုတ်များကို မနိုင်မနင်း ဆွဲကြမည်၊ ဗိုက်ဆာ၍ ထမင်းပြေး စားကြမည် စသဖြင့် အဆူခံလိုက်၊ ရယ်လိုက် နေ့ရက်များသာ။

ပြိုမလိုလိုမိုး { Completed }Donde viven las historias. Descúbrelo ahora