( 35 )

2.8K 197 25
                                    

[Unicode]

အစားစားပြီး အပေါ် ရောက်လာသောအခါ အာဏာက မရှိ။ တက်သွားသည် သေချာလျက် ပျောက်နေ၍ လိုက်ရှာမိလိုက်သည်။

"အာဏာ"

"အာဏာ"

သို့တိုင် အခန်းကား ငြိမ်သက်နေ၍ မျက်ခုံးပင့်လိုက်မိ၏။ သူ စလိုက်တာများ အလွန်ကြီး လွန်သွားလေသလား။ သို့တည်းမဟုတ် သူကပဲ အရှက်ကြီးနေရသလား။

တကယ်ဆို စစ်ဗျူဟာကတောင် ပိုရှက်သင့်သည် ထင်သည်။ မလုပ်စဖူး အလုပ်ထူး၍ ကိုယ့်လူ ကိုယ်ဖြားယောင်းသလိုလို ဘာလိုလိုနှင့်။

ပန်းသွေးရောင် ပြေးလာသော မျက်နှာကို လက်ချောင်းများဖြင့် အုပ်လိုက်မိ၏။ ဒီလိုဆိုတော့လည်း အာဏာ့ကို မတွေ့ချင်ပြန်။ ရှက်စရာ ကောင်းသည်။

သို့ရာတွင် မတွေ့ချင်တော့ဘူးဆိုမှ ရေချိုးခန်းတံခါး ပွင့်လာပြီး အာဏာက အထဲမှ ထွက်လာလေ၏။ ထင်မှတ်မထား၍ သူ အလန့်တကြား မော့ကြည့်လိုက်မိလျှင် မျက်ဝန်းဝိုင်းဝိုင်းများဟာ ရေစက်တို့ စိုနေသော မျက်တောင်အောက်မှ အကြည့်နှင့် တည့်တည့်တိုးသွားရလေသည်။

"ရေချိုးနေတာလား"

"အင်း"

ဘာမှ မဖြစ်သလို ဟန်ဆောင်ကြချင်ဟန်ဖြင့် သူက တစ်ဖက်သို့ အကြည့်လွှဲလိုက်သလို အာဏာကလည်း သူ့ဘေးနားမှ ခပ်မြန်မြန် ဖြတ်လျှောက်ကာ အဝတ်သွားယူသည်။

"မင်းအတွက် အန်တီက ပြင်ပေးထားတယ်"

"မစားတော့ဘူး၊ ညမှပဲ"

ခြောက်ကပ်ကပ်ဆန်ဆန် အဖြေပေးသော်လည်း ကျောခိုင်းထားရာမှ လှည့်မလာ။ တစ်စွန်းတစ်စ ပေါ်နေသော ကျောပြင်ကို အမှုမဲ့ အမှတ်မဲ့ လိုက်ကြည့်မိရင်း နောက်ကျောလေးနှင့်ပင် ဒီလူက မနာလိုချင်စရာ ကောင်းအောင် ပြည့်စုံနေကြောင်း တွေးမိသည်။ သူ့ကြွက်သားတွေ၊ သူ့ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံတွေဟာ ကြည့်ကောင်းလွန်း၏။

ဟွန့်ခနဲ နှာမှုတ်ကာ သူ့ကိုယ်သူ ပြန်ငုံ့ကြည့်မိသည်။ အားကိုးချင်စရာ ဘယ်နေရာမှ ကောင်းမနေပါချေ။ လက်က ကြွက်သားကလည်း သေးသည်။ ဗိုက်မှာလည်း ပူမနေသော်လည်း ကြွက်သားအရာလေးမျှပင် မရှိ။ လက်ချောင်းကလည်း တိုသေးသည်။

ပြိုမလိုလိုမိုး { Completed }Where stories live. Discover now