( 11 )

3.5K 280 11
                                    

[Unicode]

"နိုးပြီလား"

မျက်နှာသစ်ပြီး ထွက်လာပုံရသော အာဏာက အ၀တ်ဗီရိုကို ဆွဲဖွင့်ရင်းမှ သူ့အားမေးနေသည်။ အရှိန်သေချာ မပြေသေးသော မျက်လုံးကို ပွတ်သပ်ရင်း ဘယ်ရောက်နေသလဲ စဉ်းစားနေမိ၏။

ဒီ အခန်းကြီးကိုလည်း သူမသိ။ ဒီ ပတ်၀န်းကျင်ကလည်း စိမ်းသက်နေသည်။ မြှောက်ထားဆဲဖြစ်‌သော လက်က နာရီကို ဆက်ကြည့်မိမှသာ ရင်းနှီးနေဆဲ ၇ နာရီခွဲဟူသည့် အချိန်ကို မြင်လိုက်ရ၏။

"အလုပ် ?"

ငေါက်ခနဲ ထထိုင်မိလိုက်လျှင် အာဏာက သူ့ကို တစ်ခေါက် ထပ်လှည့်ကြည့်သည်။ အပြည့်အ၀ နိုးသွားမှ အခန်းကို ဒုတိယအကြိမ် ထပ်မံစူးစမ်းဖြစ်လိုက်၏။

ထိုအခါမှ သိသွားသည်က 'သူ မြန်မာပြည် ပြန်ရောက်နေခဲ့ပြီ' ။

"အာ အလုပ်လုပ်ရဦးမယ် ထင်နေတာ"

နဖူးစပ်ကို လက်ဖြင့် ထောက်ထားပြီး ညည်းညူလိုက်မိ၏။ စစ်ဗျူဟာက‌တော့ တကယ်ရူးနေလေပြီ။ ဆံပင်များကို သပ်တင်လိုက်ပြီး ခုတင်ပေါ်မှသာ ဆင်းလိုက်တော့၏။

"အောက်က စောင့်နေမယ်"

လှမ်းအော်သံ ကြားလိုက်ရသည့်တိုင် အဖြေမပေးဘဲ စစ်ဗျူဟာ ဆက်လျှောက်လာခဲ့သည်။ ရေချိုးခန်း မှန်ထဲရှိ သူ့ပုံက မျက်မှန်ချွတ်ထား၍ အနည်းငယ် မှုန်ကုပ်နေ၏။ မျက်နှာအရင် သစ်ရင်းမှ ဘယ်လက်က လက်စွပ်ကလေးကို သတိရသွားကာ ထောင်ကြည့်လိုက်မိသည်။ စိန်ရောင် လက်လက်ကလေးက တောက်ပနေသလို အသိစိတ်ကင်းကွာနေမှုများအားလည်း ပြန်ကပ်သွားစေ၏။

သူ အာဏာ့ကို လက်ထပ်ခဲ့သည်။ ဂျပန်မှလည်း ပြန်လာခဲ့ပြီ။ အာဏာ့မိဘတွေက လက်ခံသည်မို့ ဆက်လက် ရင်ဆိုင်စရာက သူ့မိဘနှစ်ပါးသာ ဖြစ်လေ၏။ ဒီနေ့ အိမ်သွားရင် ကောင်းပေမည်။

"ပြန်အိပ်နေတာလား"

အောက်မှာ စောင့်မည် ပြောခဲ့သော်လည်း တကယ်တမ်း သူ ရေချိုးခန်းထဲက ထွက်လာချိန်တွင် အာဏာက ထိုနေရာ၌ ရပ်နေဆဲဖြစ်သည်။

"မအိပ်ပါဘူး။ အိမ်ပြန်မလို့ စဉ်းစားနေတာ။"

"ဒီနေ့လား"

ပြိုမလိုလိုမိုး { Completed }Where stories live. Discover now