( 21 )

2.7K 222 109
                                    

[Unicode]

"ပြန်လာပြီပေါ့ ဟမ်။ ဘယ်လိုလဲ။ ငါထင်ထားတဲ့အတိုင်းပဲ မဟုတ်လား။ နင် ဒါတွေမြင်ရင် နိုင်ငံခြားမှာ တစ်စက္ကန့်လေးတောင် မနေနိုင်မှန်း သိနေတယ်။"

မှန်ကြည့်ပြီး တစ်ယောက်တည်း ပြောနေသော ၀တ်လွှာရုံကို မသိသူက မြင်လျှင်တော့ ရူးနေသလားဟု ထင်လိမ့်မည်။ သို့ရာတွင် မည်သူ့ကို ပြောနေသလဲ သူ(မ) ဘာသာတော့ သိနေ၏။

ရဲရဲတောက်နေသော နှုတ်ခမ်းနီကို ဆိုးလိုက်ပြီးနောက် ဘာ၀တ်ရမလဲ ရှာကြည့်လိုက်မိသည်။ သူ(မ) ပုံစံက တအားထင်ပေါ်နေ၍ မဖြစ်။ မြင်လိုက်တာနှင့် သူ(မ) မှန်း သိနေလျှင် ကိစ္စပြတ်နေလိမ့်မည်။ ထို့ကြောင့် ဖျော့၍ မှိုင်းသော အရောင်တစ်ခုကိုသာ ရွေးချယ်လိုက်၏။ အားလုံးပြီး၍ နာရီကို ကြည့်မိသောအခါ အချိန်က အတော်လေး နီးကပ်နေလေပြီ။

"မမလေး"

တံခါးခေါက်မည် ပြင်လိုက်စဉ်မှာပင် ပြင်ဆင်ပြီး ထွက်လာသော ၀တ်လွှာရုံကို မြင်လိုက်ရ၍ ထိုလူငယ်က နည်းနည်းတော့ အံ့ဩသွားပုံ ပေါ်သည်။

"ပြန်လာပြီတဲ့လား"

သိရဲ့သားနှင့် မေးလိုက်လျှင် ဘယ်လိုသိနေလဲ ဟူသည့် အမူအရာဖြင့် ခေါင်းညိတ်ပြ၏။

"ဟုတ်ကဲ့ မမလေး။ သိပ်မကြာခင် လေယာဉ်ဆိုက်ပါတော့မယ်။"

မျက်မှန်ကို တပ်လိုက်ပြီး‌နောက် ကျေနပ်သွားသော အသံဖြင့် ၀တ်လွှာရုံ ဆိုလိုက်သည်။

"သွားကြိုကြစို့ !"

"မမလေးတို့..."

စကားပင် မဆုံးရသေး၊ မမလေးက ကားပေါ်ရောက်သွားပြီမို့ လူငယ်လေးမှာ ကားမောင်းဖို့သာ ပြင်လိုက်ရသည်။ သို့ရာတွင် စိတ်ထဲတွေးနေမိသည်က 'မမလေးက မတည့်ဘဲနဲ့ ကိုယ့်ရန်ဖက်ကို ဘာလို့ သွားကြိုရသလဲ' ဟု။

ဝေဟင်ထက်မှ လေယာဉ်က တဖြည်းဖြည်း နိမ့်ဆင်းကာ ပြေးလမ်းနှင့် ထိစပ်လာသည်။ လည်ပတ်နေသော ဘီးများ မြေကြီးပေါ် ရောက်သွားလျှင် အထဲမှလည်း ကြေညာသံ ထွက်ပေါ်လာ၏။

လေယာဉ်ရပ်သွားမှပဲ ဆုလေးမြတ် စိတ်ကို ဒုန်းဒုန်းချနိုင်သွားသည်။ သူ(မ) ပြန်ရောက်မှ အရာအားလုံးက လက်ခုပ်ထဲက ရေ ဖြစ်လာမှာပင်။ ဖြစ်ကတတ်ဆန်း မဟုတ်သော်လည်း အရင်ကလောက် မသေမသပ်ဘဲ ထားခဲ့ရသည့် စာတမ်းများကိုလည်း မမှုတော့။

ပြိုမလိုလိုမိုး { Completed }Where stories live. Discover now