[Unicode]
တံခါးဖွင့်ပြီး အိမ်ထဲ ၀င်လိုက်တော့မှ အအေးဒဏ်က နည်းနည်းလျော့သွားသည်။ Heater ကို တင်လိုက်ပြီးနောက် စားပွဲခုံပေါ်၊ ဆိုဖာခုံပေါ်တို့တွင် ပြန့်ကျဲနေသည့် သူပစ်ထားသော ပစ္စည်းများကို ကပျာကယာ ကောက်သိမ်းလိုက်ရ၏။ အားနာတာမျိုး မဟုတ်သော်လည်း တစ်ခါတစ်ရံလာသည့် ဧည့်သည်ကို အမြင်ရှင်းစေချင်သည်။
သို့သော် သူအတွေးလွန်နေတာသာ ဖြစ်လောက်၏။ နောက်မှ ပါလာသော အာဏာက ထိုအမှိုက်များကို ခွကျော်ပြီး ဆိုဖာခုံပေါ် အေးအေးဆေးဆေး သွားထိုင်သည်။ ထိုင်ရင်းမှ အခန်းတစ်ခုလုံးကိုလည်း လှည့်ပတ်ကြည့်ရှုသည်။
"အိမ်ကတော့ မြင်တဲ့အတိုင်းပဲ"
"အင်း အိမ်က သိပ်တော့ မကျဉ်းပါဘူး။ မင်းပစ္စည်းတွေ စနစ်တကျ ထားရင်ပေါ့"
စိတ်တိုင်းကျ ကြည့်ပြီးနောက်တွင် အာဏာက မှတ်ချက်ပေးလာသည်။ ဒီလိုပြောမည်မှန်း အစောကတည်းက ခန့်မှန်းမိ၏။ ရှင်းချင်လျှင် အလွန်သန့်ရှင်း၍ ရှုပ်ချင်လျှင် အမှိုက်တောင်းထဲထိ ၀င်ထိုင်နေတတ်သောသူမှာ သူ့ရှေ့က အနှီလူပါပင်။
"ကျဉ်းပေမဲ့ အပြည့်အစုံတော့ ရှိသားပဲ။ ဒါ ရုံးက ပေးထားတာလား"
"အင်း။ ဒီအခန်းရော၊ ဒီဆိုဖာရော၊ ဒီ TV ရော၊ မီးဖိုချောင်ရော၊ ရေခဲသေတ္တာရော အကုန်"
"စုတ်တယ်နော်"
ကုတ်ရာခြစ်ရာ အနည်းငယ်ရှိသော ဆိုဖာနှင့် လေးငါးပတ်ရစ် ရေခဲသေတ္တာကို ကြည့်ကာ အာဏာက မှတ်ချက်ထပ်ပေးသည်။
"အရင်လူ အဆက်ဆက် နေသွားတာပဲ ဒီလောက်တော့ ရှိတာပေါ့"
ပုခုံးတွန့်ကာ ဖြေရင်း စစ်ဗျူဟာ ဆိုဖာပေါ် ထိုင်ချလိုက်သည်။
"ဆရာပြောတာ မှတ်မိသေးတယ်။ သူတို့ အလည်သွားတုန်းက ဂျပန်က လူတွေ အခွန်ရှောင်ချင်တာနဲ့ ရေခဲသေတ္တာအစုတ်ကြီး ပေးခဲ့တာကို အဟုတ်မှတ်ပြီး ယူလိုက်မိတာ နောက်တော့ ပစ်လို့လည်း မရလို့ အဟောင်းကြီးပဲ ဆက်သုံးနေရတယ် ဆိုတာလေ"
အာဏာက အတိတ်တချို့ကို ပြောရင်း ရယ်နေသည်။
"အခွန်ဆောင်ရတာတော့ တော်တော်ဆိုးဆိုးပဲ။ သူတို့က တစ်ပိုင်းလေးကပဲ အသုံး၀င်နေဦးတော့ သုံးစေချင်တဲ့အမျိုး။ တစ်ခါတလေ ငါ့အဘွားနဲ့တောင် တူတယ် တွေးမိတယ်"
YOU ARE READING
ပြိုမလိုလိုမိုး { Completed }
General Fictionအငြိုးတကြီးနဲ့ သည်းကြီးမည်းကြီး ရွာတော့မလို မင်းငါ့ဆီကို ရောက်လာခဲ့တယ်။ အခုတော့ လေပွေတစ်ချက် ဝှေ့လိုက်ရုံနဲ့ တိမ်ညိုတွေအားလုံးက ပျောက်ကွယ်သွားပြီတဲ့လား...။ 📖 - 9/09/2020 to 26/11/2020 ✍️ - 14/05/2020 to 5/09/2020