[Unicode]
"အိပ်ရာက နိုးတော့ အလင်းရောင်ပျပျလေး ကိုယ်ပေါ် ရောက်ရှိနေတာကို ခံစားမိတယ်။ မင်းမရှိတဲ့ နေ့တွေမှာ သူကပဲ အနမ်းပေးလို့ မနက်တိုင်းကို နိုးထစေခဲ့တာလေ။ ဒါပေမဲ့ ကြည့်ရတာ ဒီနေ့ကတော့ နောက်ဆုံးနေ့ ဖြစ်မယ် ထင်ပါတယ်။"
ခေါင်း ကြည်ကြည်လင်လင်နှင့် အိပ်ရာနိုးလာခဲ့၍ စိတ်နှလုံး အထူးချမ်းမြေ့နေစဥ် ရေဒီယို ပရိုဂရမ်က အသံကြောင့် စစ်ဗျူဟာ ပို၍ပင် မနောခွေ့သွားရသည်။ ဖုန်းကို ယူကြည့်တော့ alarm လည်း မမြည်သေး။
အပြုံးမျက်နှာဖြင့် ထကာ စောင်များကို သပ်ရပ်သွားအောင် ခေါက်လိုက်သည်။ ပြတင်းပေါက်မှန်ကို ထဖွင့်စဉ် ရေဒီယိုကိုလည်း အသံနည်းနည်း ကျယ်လိုက်သည်။
"တံခါးပေါင်ပေါ် လက်ထောက်ပြီး အပြင်ကို လှမ်းကြည့်ရင် ထူးထူးခြားခြား တိမ်တွေ ကင်းရှင်းနေတာကို မြင်ရမှာပါ။"
RJ လည်း သူ့လိုပင် စတူရီယို ဘေးက ကောင်းကင်ကို ကြည့်ပြီး ပြောနေပုံရသည်။
တကယ်ကို ဒီကနေ့က - နေသာသောနေ့။ အထူးစပါယ်ရှယ်နေ့။
"အစိမ်းရောင် ဝါးတောတစ်ခွင်မှာ မျှစ်နုလေးတွေ ပေါ်ထွက်နေကြပါပြီ။ ဒီအချိန်ကတော့ သေချာပေါက် ဖူကီနိုတို၊ ခိုဂိုးမိ၊ ယာမာအုတို စတဲ့ အရွက်တွေ ပေါတဲ့ရာသီပေါ့။ မနက်ခင်းမှာ လတ်လတ်ဆတ်ဆတ် တန်ပူရာကြော် တစ်ခွက်လောက် စားရရင် သိပ်ကောင်းမှာပဲနော်။"
ပြောရုံနှင့်ပင် စစ်ဗျူဟာ့ ဗိုက်ထဲမှာ တဂွီဂွီ မြည်လာသည်။ အစားအသောက်ဆို သူဟာ ဓာတ်ကူးလွယ်၏။ ရေနွေးအိုး တည်ခဲ့ပြီးနောက် ခပ်မြန်မြန် မျက်နှာသစ်ဖို့ ပြင်လိုက်မိတော့သည်။
"အိုကီနာဝါကမ်းခြေမှာလည်း ခုံးဖမ်းပွဲတော် ကျင်းပနေပြီလို့ ကြားသိရပါတယ်။ တိုကျိုပင်လယ်အော်က မိတ်ဆွေလေးတွေက မစောင့်နိုင်တော့ဘူး ထင်ပါရဲ့။ ခုမနက်ပိုင်းတင်ကို တော်တော် လူစည်နေတယ် ပြောရမှာပါပဲ။"
ခေါက်ဆွဲပြုတ်ပန်းကန်ကို စစ်ဗျူဟာ မွှေနေသည့်အထိ RJ ၏ အစားအသောက်များအကြောင်း ပြောသံက မပျောက်သေး။
VOUS LISEZ
ပြိုမလိုလိုမိုး { Completed }
Fiction généraleအငြိုးတကြီးနဲ့ သည်းကြီးမည်းကြီး ရွာတော့မလို မင်းငါ့ဆီကို ရောက်လာခဲ့တယ်။ အခုတော့ လေပွေတစ်ချက် ဝှေ့လိုက်ရုံနဲ့ တိမ်ညိုတွေအားလုံးက ပျောက်ကွယ်သွားပြီတဲ့လား...။ 📖 - 9/09/2020 to 26/11/2020 ✍️ - 14/05/2020 to 5/09/2020