[Unicode]
Meeting ခန်းမှာ သိပ်အသံမကျယ်သော်လည်း ပွစိပွစိ ရေရွတ်သံလေးများဖြင့်တော့ ပြည့်နှက်နေသည်။ မျက်နှာခြင်းဆိုင် ထိုင်ခုံများမှ Developer ပေါက်စလေးများသည် များမကြာမီအချိန်အတွင်း ဖြစ်လာတော့မည့် ကိစ္စပေါင်းစုံအား ဟုတ်တာရော၊ မဟုတ်တာရော ရောကာ ခန့်မှန်းလျက် ရှိကြလေသည်။
"အားလုံး စုံပြီလား"
တံခါးမကြီးအား ဖွင့်သံနှင့်အတူ လူသုံးယောက် ရောက်လာသည်။ မေးသူမှာ ရှေ့ဆုံးက ဖြစ်ပြီး ရာထူးကြီးသူဖြစ်ပုံပေါ်၏။ ဘေးနှစ်ယောက်က လေးလေးစားစား ဆက်ဆံကြသည်။
"စုံပါပြီ"
ထိုင်နေသူများမှာ ထိုင်ရမလို၊ ထရမလိုနှင့် ဖြေလိုက်ကြလျှင် ထိုလူက ခေါင်းညိတ်သည်။
"အစ်ကိုက ဒီဌာနရဲ့ အဖွဲ့မှူးပဲ။ ပြီးတော့ ဒီနေ့ ကြိုဆိုဖို့၊ ရှင်းပြဖို့ အလှည့်ကျတဲ့သူပေါ့။"
အဖွဲ့မှူး၏ စကားပြောပုံက လေထုကို သက်တောင့်သက်သာ ရှိစေသည်။ ဟိတ်ဟန်မများ၊ မျက်နှာထားတင်းတင်း မဟုတ်ဘဲ လိုအပ်သည့်နေရာတွင် လိုအပ်သည့် အတိုင်း လိုက်ပါပြောင်းလဲသွား၏။ ထို့ကြောင့် အစောပိုင်း စိုးရိမ်နေသူများ၏ ဖိအားက နည်းနည်းလျော့ကျသွားကြသည်။
"ကဲ စလိုက်ကြရအောင်နော်"
လင်းလာသော Projector အနားသို့ အဖွဲ့မှူးက လျှောက်သွားလေသည်။ များမကြာမီ screen ကပါ အာကာသအဖြစ် ပြောင်းလဲသွား၏။
"အသစ်ကလေးတွေ ဆိုတော့ အရင်ဆုံး company နာမည်ကို ရှင်းပြပါ့မယ်။ Millions' ဆိုတဲ့ အဓိပ္ပာယ်အရ နည်းပညာဆိုတဲ့ အာကာသ လွင်ပြင်ထဲက ထွန်းတောက်လာမယ့် ကြယ်ပွင့်တွေကို စုစည်းထားတဲ့၊ အဲ့ဒီ သန်းပေါင်းများစွာသော ကြယ်ပွင့်လေးတွေ ပိုင်ဆိုင်တဲ့ company ဖြစ်ပါတယ်။"
"နောက် ဒီ IEP - Innovative Entrepreneurs Project ဆိုတဲ့အတိုင်းပဲ ဆန်းသစ်တဲ့ အတွေးအခေါ်တွေနဲ့ လူမှုဘ၀တွေကို မြင့်တက်စေချင်လို့ အရည်အချင်း ကိုက်ညီမယ် ထင်တဲ့သူတွေကို ရွေးလိုက်တာပါ။ အောင်တဲ့သူတွေ အားလုံးလည်း Interview မဖြေခင်က ခေါ်စာမှာ ပါတဲ့ အချက်တွေကို သတိပြုမိကြမယ် ထင်ပါတယ်။"
ESTÁS LEYENDO
ပြိုမလိုလိုမိုး { Completed }
Ficción Generalအငြိုးတကြီးနဲ့ သည်းကြီးမည်းကြီး ရွာတော့မလို မင်းငါ့ဆီကို ရောက်လာခဲ့တယ်။ အခုတော့ လေပွေတစ်ချက် ဝှေ့လိုက်ရုံနဲ့ တိမ်ညိုတွေအားလုံးက ပျောက်ကွယ်သွားပြီတဲ့လား...။ 📖 - 9/09/2020 to 26/11/2020 ✍️ - 14/05/2020 to 5/09/2020