( 27 )

2.3K 202 7
                                    

[Unicode]

ဆောင်းမကုန်သေးသည့်တိုင် စောစီးစွာ ရောက်ရှိလာချင်နေသည့် နွေက တရှိန်ရှိန်နှင့် အပူဘက်သို့ ဆွဲခေါ်နေသည်။ ရန်ကုန်ဟူသည်ကားလည်း ဘယ်တုန်းကမှ မအေးသော နေရာဖြစ်‌လေရာ ဆေးနံ့တွေ နံနေသော အခန်းမှာ နှုံးချိချိ ရှိလှ၏။

ဂျပန်တွင်တော့ ဆောင်းဦးရာသီဖြစ်၍ မေပယ်နီနီတို့ လှိုင်လှိုင်ဝေနေလိမ့်မည်။ မြန်မာပြည်တွင်တော့ ငိုက်မြည်းနေသော အပင်ကြီးများသာ မြင်ရ၏။

"သား ရေချိုးမှာဆို ရပြီ။ ပြန်ထွက်လာလို့ မေမေ မရှိရင် မနက်စာ ဆင်းဝယ်နေတာအလား။"

မျက်နှာသစ်ပြီးသွားသော မေမေက ရေချိုးခန်းထဲမှ ထွက်လာကာ ဆိုသည်။ အိပ်နေဆဲဖြစ်သော ဖေဖေ့ကို ကြည့်ကာ စစ်ဗျူဟာ ခေါင်းညိတ်ပြလိုက်၏။

"သား သွား၀ယ်မယ်လေ"

"တခြား၀ယ်စရာလည်း ရှိလို့၊ သွားပါ ရေသာချိုး။"

"ခဏလေးပါ၊ သားသွားမယ်။"

သို့ရာတွင် ခပ်မြန်မြန် ရေချိုး၍ ပြန်ထွက်လာသောအခါ မေမေက မှာခဲ့သည့်အတိုင်း မရှိတော့။

"အဟွတ် အဟွတ် ဝေါ့"

ဖေဖေ့ချောင်းဆိုးသံကြား၍ ထွေးခံကို ယူပေးမိသည်မှာ မှီရုံလေးပင်။ မမှိန်းခင်ကမှ အနည်းငယ် ၀င်ထားသော အစာက ‌အကုန်လုံးနီးပါး ပြန်အန်ထွက်လာ၏။ သုံးလေးခေါက် အန်ပြီးသည့်နောက်တွင်တော့ အတော်မောသွားဟန်ရှိ၍ ကျောမှီ ရစေရန် ခေါင်းအုံးကို ဒေါင်လိုက်ထောင်ပေးကာ မှီစေလိုက်သည်။ ရေတစ်ခွက်ကိုလည်း ပလုတ်ကျင်းရန် ခပ်ပေးလိုက်၏။

"မင်းအမေရော"

"အမေ အပြင်ခဏသွားတယ် ဖေဖေ။ ဘာလိုချင်လို့လဲ။"

ဘာမှမဟုတ်ဘူးဟူသည့် သဘောနှင့် လက်ကာပြကာ မျက်လုံးပြန်မှိတ်သွား၏။ ခုရက်ပိုင်း ဖေဖေ့အခြေအနေက ဆိုးရွားလာပုံ ပေါ်သည်။ အစောပိုင်း သက်သာနေ၍ ဟုတ်သလိုလို ရှိလာသော်လည်း ခုတော့ ခြေထောက်များကပါ ဖောလာလေပြီ။

ထို့အတူ စိတ်ထိခိုက်လာ၍ ထင်သည်၊ မေမေ့ကိုလည်း မမြင်ရလျှင် အမြဲမေးလာ၏။ သူပြုစုပေးတာကိုတောင် မကြိုက်ချင်၊ မေမေမှ မေမေ။

ပြိုမလိုလိုမိုး { Completed }Tahanan ng mga kuwento. Tumuklas ngayon