[Unicode]
ယနေ့မနက် ပြန်နိုးလာချိန်တွင် ရာသီဥတုက သာယာနေပုံ ပေါ်၏။ သူဆိုလိုသည့် ရာသီဥတုမှာ အပြင်ဘက် ရာသီဥတုလည်း ပါသလို အိမ်တွင်း ရာသီဥတုလည်း ပါသည်။ မနေ့က အသားကုန် သောင်းကျန်းကာ ဆူပူနေခဲ့သည်မှာ သူတို့အိမ်မဟုတ်သည်နှယ် ငြိမ်သက်နေသောကြောင့် ဖြစ်၏။
ပတ်၀န်းကျင်ပေါ် မူတည်၍ အရောင်ပြောင်းတတ်သော ပုတ်သင်ညိုလိုပင် စစ်ဗျူဟာ၏ စိတ်အခြေအနေက ပတ်၀န်းကျင်ပေါ် မူတည်သည်။ အထူးသဖြင့် သူ့မိဘများ။ သူ့မိဘများ ပြေလည်နေလျှင် သူ့မှာ တော်ရုံတန်ရုံ စိတ်ရှုပ်စရာမရှိ။ ရှိလျှင်လည်း စိတ်မရှုပ်တတ်။
ကြည်ကြည်လင်လင် နိုးထလာရတော့လည်း သူ့အဖေအပေါ် ထားရှိခဲ့သော အမုန်းတရားက ပြန်လည်ပျောက်ကွယ်သွားပြန်သည်။ ကျန်သည့်အချိန်များတွင် ခွင့်လွှတ်ဖို့ရာ ခက်ခဲတတ်သော်လည်း မိသားစုနှင့် ပတ်သက်လာလျှင် စစ်ဗျူဟာက စိတ်ဓာတ် အားနည်းသည်။ သူတို့ ပြဿနာရှာစဥ်က ဒေါသမီး ဟုန်းဟုန်းတောက်ကာ လောင်ကျွမ်းနေခဲ့သော်လည်း ပြဿနာများ ပြီးဆုံးသွားလျှင်၊ သို့တည်းမဟုတ် တစ်ခန်းရပ်နေလျှင် ရေကြည်ကဲ့သို့ အကောင်းကိုသာ အမြဲရှာဖွေပြီး ကြည့်ရှုတတ်၏။
ယခုလည်း ဖေဖေက ငြိမ်နေသည်မို့ သူ ထပ်ပြီး အပြစ်မတင်မိတော့။
"သား နိုးလာပြီလား"
လက်ဖက်သုပ်ရန် အကြော်ထုပ်များ ယူလာသည့် မေမေက သူအပြင်ထွက်လာသည်ကို မြင်လျှင် လှမ်းနှုတ်ဆက်သည်။ ပြီးနောက် ဖေဖေ့ဘေး ခုံတွင် ၀င်ထိုင်ကာ ထိုအထုပ်များကို ကတ်ကြေးဖြင့် ဖောက်နေလေသည်။
ထို့ကြောင့် လွတ်နေသော ခုံတစ်လုံးတွင် စစ်ဗျူဟာလည်း ထိုင်ချလိုက်၏။ ထမင်းဝိုင်းက တိတ်ဆိတ်နေသည်။ အဖေက သူပြောထားသည်များကို မေ့ချင်ယောင်ဆောင်ထားသော်လည်း သူကတော့ မှတ်မိနေ၍ စကားမဆိုဖြစ်။
"မြည်းကြည့်ဦး အနေတော်လားလို့"
မေမေက သုပ်ပြီးသွားသော လက်ဖက်ပန်းကန်ကို ဖေဖေ့ရှေ့ တွန်းပို့ပေးသည်။ ဖေဖေက တစ်လုပ်စားကြည့်ပြီးနောက် မျက်နှာရှုံ့သွား၏။
![](https://img.wattpad.com/cover/225069551-288-k963122.jpg)
ESTÁS LEYENDO
ပြိုမလိုလိုမိုး { Completed }
Ficción Generalအငြိုးတကြီးနဲ့ သည်းကြီးမည်းကြီး ရွာတော့မလို မင်းငါ့ဆီကို ရောက်လာခဲ့တယ်။ အခုတော့ လေပွေတစ်ချက် ဝှေ့လိုက်ရုံနဲ့ တိမ်ညိုတွေအားလုံးက ပျောက်ကွယ်သွားပြီတဲ့လား...။ 📖 - 9/09/2020 to 26/11/2020 ✍️ - 14/05/2020 to 5/09/2020