ရှုမငြီးသော နတ်ဆေးရှင် (၁၉)
~~~~~~~~~~~~~~~~~~~~~~~မင်ရှုရဲ့ မောက်မာ ထောင်လွှားနေတဲ့ ပုံစံဟာ ပိုင် သခင်ကြီးကို အောင်အောင်မြင်မြင် စိန်ခေါ်လိုက်နိုင်လေရဲ့။ သူ အေးစက်စက် လှောင်မဲ့လိုက်ရင်း ဆိုတော့တယ်။ "ကောင်မလေး စကားကို ရမ်းရမ်း မပြောနဲ့၊ ဒီလောကကြီးက မင်းထင်တာထက်ကို ကြီးတယ်... ကျယ်တယ်... မင်းတို့ သေမင်းတောင်ကြားကပဲ ပြိုင်ဘက်ကင်း ဟုတ်မနေဘူး..."
မင်ရှုကတော့ အရေးအရာမစိုက် ပြုံးရုံသာ ပြုံးတယ်။ နည်းနည်းလေးမှ စိတ်မဆိုးသွားဘူး။ "ဒါဖြင့် ရှင်တို့အားလုံး အဲ့ဒီ ပြိုင်ဘက်ကင်းမဲ့သူကို ရှာပြီး ရှင်တို့ သမီးတွေအတွက် ဆေးကုခိုင်းပေါ့"
". . ." ဝါဂွမ်းကို ထိုးနှက်နေမိသလိုပဲ။ ဘာမှ အရာမရောက်လိုက်ဘူး။
တစ်စုံတစ်ယောက်ကို ဘယ်လိုမှ ဒေါသထွက်အောင် လုပ်လို့ မရဘူးဆိုရင် အဲ့ဒီတစ်စုံတစ်ယောက်ဟာ ရူးနေလို့ မဟုတ်ရင် အတော် သည်းခံနိုင်စွမ်း ရှိသူပဲ ဖြစ်ရမယ်။
သေချာတာ ဒီမိန်းမကတော့ အရူး မဟုတ်လောက်ဘူး။
နှစ်ဖက်စလုံး အခြေအနေတွေက အတော်လေး တင်းမာနေပြီ။
"မိန်းကလေး" ဒီလောက်ကောင်းတဲ့ ပွဲမျိုး စောင့်ကြည့်နေပြီးတဲ့နောက်မှာ ရှောင်းအိမ်တော်ဘက်က လူတွေ ရှေ့ထွက်လာပြီး ဆိုတော့တယ်။ သူတို့ အမူအကျင့်က ပိုင်အိမ်တော်ထက် ယဉ်ကျေးလို့ပေါ့။ "မိန်းကလေးအနေနဲ့ ကျွန်တော်တို့ရဲ့ ရှောင်းသခင်မလေးကို လိုက်ကြည့်ပေးလို့ ရမလား... ခြေကြွခ ထိုက်ထိုက်တန်တန် ရစေ့ပါမယ်..."
မင်ရှုလည်း ရှောင်းအိမ်တော်သားတွေကို အားပါးတရ ပြုံးပြလိုက်တော့တာပေါ့။ မင်ရှုကို သူတို့ စည်းရုံးလို့ အောင်မြင်သွားပြီလို့ ထင်နေတဲ့အချိန်မှာပဲ ဆန်းသစ်စ လခြမ်းသဖွယ် မျက်ခုံးရှင် မိန်းကလေးက အခိုင်အမာ ဆိုလာလေတယ်။ "မလိုက်ဘူး..."
"ဘာလို့လဲ... မိန်းကလေး၊ စီလျော်တဲ့ အကြောင်းပြချက်တစ်ခုခုတော့ ပေးသင့်တာပေါ့" ရှောင်းအိမ်တော်က စိတ်တော့ မဆိုးဘူး။ ဒါပေမဲ့ သူတို့ လွယ်လွယ်နဲ့ လက်မလျှော့နိုင်ဘူးလေ။ သူတို့သာ သေမင်းတောင်ကြားက ဒီအမျိုးသမီးကို မပင့်ဖိတ်နိုင်ခဲ့ရင် သူတို့ရဲ့ သခင်မလေးပဲ ဒုက္ခရောက်မှာ။ အဲ့တော့မှ ဘယ်သူမှလည်း ကယ်နိုင်တော့မှာ မဟုတ်ဘူး။
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...