🍁47🍁

2.1K 284 1
                                    

Unicode
မှော်လောကရဲ့ချစ်ပုံပြင်

                          🍁47🍁

"သစ်စေ့လေး..... "

      ကျိုရိထင်း ချူဝေ့ထုန်အား လှမ်းဖမ်းရန် ပြင်လိုက်ချိန်တွင် ရုတ်တရက် လေပွေကြီးတစ်ခုသည် သူ့အားရစ်ပတ်သွားလေသည်။ သဲမှုန်တွေကော ရောထွေးပါလာတဲ့ ထိုလေပွေသည် ကျိုရိထင်းနှင့် ချူဝေ့ထုန်တို့ ဆွဲထားတဲ့လက်ကို ဖြုတ်ပစ်ရန် ဆုံးဖြတ်ထားသည့်ပုံပင်။

      အားကောင်းလွန်းသော လေအားကြောင့် သူတို့နှစ်ယောက်ကိုယ်တွေ တဖြည်းဖြည်း လေထုထဲ မြောက်တက်သွားသည်။

"သစ်စေ့လေး..... "
"မော်ကျွင်း..... မော်ကျွင်း..... "

       သဲလေပွေက နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်ကို ခွဲထုတ်သွားနိုင်ပြီ။ တစ်ယောက်တစ်ကွဲစီဖြင့် သဲမှုန်တွေက လွဲရင် ဘာမှမမြင်ရ။

       အားကောင်းတဲ့ သဲလေပွေသည် သူတို့ကို ဘယ်လိုမှ ရုန်းထွက်လို့မရအောင် ရစ်ပတ်ထားသည်။ မျက်လုံး ၊ နား နဲ့ နှာခေါင်းထဲ သဲတို့ဝင်သွားလို့ နေရခက်တာက တစ်မျိုး၊ လွင့်သွားသူကို စိတ်ပူပင်ရတာက တစ်မျိုးဖြစ်နေရသည်။

       ကျိုရိထင်း ခန့်မှန်းမိတာက သဲမိစ္ဆာက ချူဝေ့ထုန်ကို တစ်နေရာသို့ ခေါ်ဆောင်သွားပြီ ဖြစ်ကြောင်း။ ရုတ်တရက် သူစိုးရိမ်နေတဲ့ ပုံစံတွေ မြင်ယောင်လာရင်း ဒေါသက သူ့စိတ်ကို လွှမ်းမိုးလာသည်။

       အနီရောင်အခိုးအငွေ့တို့ ထွက်ပေါ်လာသည်။ ကျိုရိထင်း လက်နှစ်ဖက်ကို ကြက်​ခြေခတ်သဏ္ဍာန် ပုံဖော်ပြီး တစ်ဖန် လက်ဆန့်ထုတ်လိုက်သည့်အခါတွင်တော့ သဲလေပွေလည်း မခံနိုင်တော့ဘဲ ပျက်ပြယ်သွားရ၏။

       သဲမှုန်တို့ပေါ် ​ခြေချမိသည်နှင့် ကျိုရိထင်းသည် သဲပေါ်သို့ လက်ဝါးဖြင့် ရိုက်ပစ်လိုက်သည်။

'ဝုန်း..... '

'ဝုန်း..... ဝုန်း..... '

       သဲကန္တာရအောက်မှ မိစ္ဆာများ တစ်ခုခု၏တွန်းအားကြောင့် အပေါ်သို့ ကန်ထွက်လာကြသည်။ အနည်းဆုံး အယောက်နှစ်ဆယ်လောက် ရှိလိမ့်မည်။ သူတို့အားလုံးသည် ကျိုရိထင်း၏ နီရဲနေသော သွေးမျက်လုံးကို မြင်သည့်အခါ အကြီးအကျယ် တုန်လှုပ်သွား၏။

မှော်လောကရဲ့ချစ်ပုံပြင် (Complete)Donde viven las historias. Descúbrelo ahora