(Unicode) အက်စတိုရီးယားမြို့တွင်း အအေးပိုင်းရာသီရဲ့နံနက်ခင်းဟာ မိုးရွာသွန်းမှုကြောင့် အုံအုံမှိုင်းမှိုင်းဖြင့် ဆွေးငွေ့ငွေ့ရှိနေခဲ့သည်။ ပတ်ဝန်းကျင်တစ်ခွင်မှာလည်း မိုးရေစက်များဖြင့် စိုစွတ်နေပြီး ကတ္တရာလမ်းများ၌ မိုးရေအိုင်များကြောင့် ချောညိညိဖြစ်နေခဲ့၏။
ညက မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ နှစ်ထပ်အိမ်လေး၏ခြံတံခါးရှေ့တွင်လည်း ရေချိုင့်တစ်ခု ထွက်ပေါ်နေခဲ့သည်။ သို့သော် ထိုရေချိုင့်ဟာ တစ်စုံတစ်ရာ၏လွှမ်းမိုးထားခြင်းကြောင့် မည်သူမျှ မြင်နိုင်ခြင်းမရှိ။
ဟုတ်သည်။ သနားစရာရေချိုင့်ကလေးဟာ ရဲကားတစ်စီး၏ ကိုယ်ထည်အောက်၌ ကျရောက်နေခြင်းကြောင့်ပင်ဖြစ်သည်။ ထိုရဲကားဟာလည်း နှစ်ထပ်တိုက်ရဲ့ရှေ့တည့်တည့်တွင် ရပ်ထားခြင်းပင်။
" ကျွန်တော် မဟုတ်ဘူး။ ကျွန်တော် မဟုတ်ပါဘူး "
ထိုစဉ် အိမ်ထဲကနေ ရဲသားနှစ်ဦးဟာ လူတစ်ယောက်အားအပြင်သို့ အတင်းဆွဲခေါ်ထုတ်လာခဲ့၏။ သူဟာ အရပ်အမောင်းကောင်းပြီး ခပ်တောင့်တောင့်ပုံစံရှိပေမယ့် သူ့ခန္ဓာကိုယ်နှင့်မလိုက်အောင် ကလေးတစ်ယောက်လို ထိတ်လန့်တုန်လှုပ်နေသော မျက်နှာငယ်လေးနှင့် ရှိနေခဲ့သည်။
နဖူးထက်၌ ပုံကျနေသော ဝါဖျော့ဖျော့ဆံပင်များကို ရမ်းခါသွားသည်အထိ အတင်းရုန်းကန်ရင်း ရဲနှစ်ဦးကြားမှ ထွက်ပြေးဖို့ သူကြံနေမိခဲ့သည်။ သို့သော် ထိုရဲများ၏အားအင်ကို သူ မခုခံနိုင်ပဲ ခြေတွဲလွဲနှင့်သာ ရဲကားစီသို့ ပါသွားခဲ့ရသည်။
ရဲကားဘေးရှိ လူနာတင်ကားထဲတွင်လည်း ရုပ်ပျက်ဆင်းပျက်သေနေပြီဖြစ်သော အက်ဆစ်ရဲ့မိဘများဖြစ်သော မစ္စတာရစ်ချက်သွန်နှင့် မစ်စ် ပန်ထရက်သွန်၏အလောင်းတို့ကို သယ်ယူနေခဲ့ကြသည်။
" ရစ်ချက်သွန် ပန်ထရက်သွန်. . "
ဆိုးရွားသော မိသားစုချင်းသတ်ဖြတ်သည့်အမှုအား တာဝန်ယူ ဖြေရှင်းရမည်ဖြစ်သော ဗင်ဇယ်ထရိုနယ်ဆိုသော ရဲအရာရှိချုပ်တစ်ဦးမှာ သေသူ၏နာမည်အား ရေရွတ်ကာ တစ်ခုခုကို တွေးတောနေသည့်ဟန်ရှိသည်။
" အင်း. . တစ်နေ့ဒီလိုဖြစ်မယ်လို့ ထင်ခဲ့တယ်။ အဲ့ဒီမိန်းမက နည်းနည်းဂေါက်နေခဲ့တာ အရာရှိကြီးရယ်။ အိမ်နီးချင်းဖြစ်တဲ့ ကျွန်မတောင် သူနဲ့ စကားမပြောရဲဘူး "
BẠN ĐANG ĐỌC
Hard Murder 1(Complete)
Bí ẩn / Giật gân(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...
