Unicode - Mr. Lu
Chen Xi သည် ပုံစံ စရိုက်မတူသည့် လူနာအမျိုးမျိုးနှင့် ကြုံဆုံခဲ့ဖူးပြီဖြစ်၍ ပုံမှန်မဟုတ်သည့် အမူအရာမျိုး ပြုမူတတ်သူတို့အပေါ်တွင် သည်းခံလျစ်လျူရှုထားလိုက်နိုင်အောင် ခန္တီပါရမီရင့်ကျက်နေပြီ ဖြစ်သည်။
ထို့ကြောင့် Lu Chenzhou ၏ ခပ်ရိုင်းရိုင်းအကြည့်ကို စိတ်ထဲထားမနေတော့ပေ။ သူမ၏ ပါမောက္ခကိုယ်တိုင် မိတ်ဆက်ပေးနေခြင်းဖြစ်သည့်အတွက် ယဥ်ယဉ်ကျေးကျေး ပြန်ပြုံးပြကာ
"တွေ့ရတာဝမ်းသာပါတယ်။"
သို့သော် Lu Chenzhou က သူမ ကို စိုက်ကြည့်နေဆဲဖြစ်ပြီး နဖူးကြောများကိုလည်း ရှုံ့ထားသည်။ ရုတ်တရက်ဆိုသလို
"မင်းမှာ ပါးချိုင့် တစ်ဖက်ပဲ ရှိတာလား။"
Chen Xi အနည်းငယ်ကြောင်သွားသော်လည်း ချက်ချင်းပြန်ဖြေလိုက်သည်။
"... ဟုတ်တယ်။"
"ကြည့်ရဆိုးလိုက်တာ!"
မျှော်လင့်မထားသည့် သူ၏ မှတ်ချက်ကြောင့် Cheng Xi ဘာပြန်ပြောရမှန်း မသိတော့လောင်အောင် ဆွံ့အသွားရသည်။ Cai Yi ကိုယ်တိုင်လည်း အချိန်ခဏကြာအောင် အံ့အားသင့်နေခဲ့ပြီးမှသာ သဘောကျစွာ ရယ်မောတော့သည်။
Cai Yi : "ပါးချိုင့်တစ်ဖက်နဲ့ ဆွဲဆောင်မှုရှိတယ်လို့ သတ်မှတ်ထားတဲ့ မင်းရဲ့အလှကို ကြည့်ရဆိုးတယ်လို့ ပြောလိုက်တဲ့ ဒီမှတ်ချက်ကိုသာ မင်းတပည့်တွေကြားရင် ငိုနေတော့မှာ အသေအချာပဲ။ ဟား... ဟား...။"
သူမ ပါမောက္ခ ကိုယ်တိုင် အူလှိုက်သည်းလှိုက်ရယ်မောနေသည်ကို Chen Xi တွေ့သည့်အခါ စိတ်ထဲ၌ အနည်းငယ်မကျေမနပ် ဖြစ်သွားသည့်အတွက် Lu Chenzhou အား
"ကျွန်မရဲ့ ကြည့်ရဆိုးတဲ့ ရုပ်ရည်ကြောင့် အနှောင့်အယှက်ဖြစ်သွားစေမိရင် ဆောရီးပါ။ အဲ့ဒီမျက်နှာတစ်ခြမ်းကို ကျွန်မ ဖုံးထားလိုက်ရမလား။"
ထိုစကားကြားသည့်အခါ Cai Yi ထံမှ နောက်ထပ်ရယ်သံထွက်လာပြန်သော်လည်း Lu Chenzhou မှာ သူမ၏စကားသံက ရယ်စရာကောင်းသည်ဟူ၍ မခံစားရပေ။ တိတိကျကျပြောရလျှင် Chen Xi ၏ စကားတို့က အတည်ပေါက်နှင့် ပြန်ရွဲ့နေသယောင်။
YOU ARE READING
မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်
Romanceမူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) မူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) https://www.wuxiaworld.com/no...