အခန်း (၁၀၅)

441 59 0
                                    

Unicode - ရဲရင့်သတ္တိကောင်းသော်လည်း နှလုံးသားနူးညံ့သူ ဒေါက်တာ Cheng

Shen Wei လုံးဝငြိမ်ကျသွားပြီး ယခုမူ Cheng Xi ကို မှင်သေသေကြည့်နေသည်။ ထိုအခါ Cheng Xi က ပြန်ပြုံးပြလာပြီး Shen Wei ကဲ့သို့ပင် ငေးကြောင်ကြည့်နေမိသည့် သူ့အစ်ကိုအား ပြောလိုက်သည်မှာ "Shen Wei ရေဆာနေတယ်။ သူ့အတွက် ရေသောက်ဖို့ ယူပေးပါ။"

ရေရောက်လာသည့်အခါ Cheng Xi က Shen Wei သောက်နိုင်ရန် ကိုယ်တိုင်ကိုယ်ကျ ကူညီပေးသည်။ ရေခွက်ကိုင်ထားပေးရင်းနှင့် Cheng Xi ပြောလာသည်က "ဘာမှမကြောက်နဲ့၊ စိုးရိမ်စရာလည်း မလိုဘူး။ ဒါသောက်ပြီး အိပ်ပျော်အောင်အိပ်လိုက်။ နင်နိုးလာတဲ့ အချိန်ကျရင် အားလုံးအဆင်ပြေသွားလိမ့်မယ်။"

"စိတ်မပူနဲ့။ ကိစ္စတစ်ခုခုဖြစ်လာခဲ့ရင်တောင် ငါနင်နဲ့အတူတူ ရင်ဆိုင်ဖြေရှင်းပေးမှာ။"

Fu Mingyi ၏ 'သေဆုံးမှု'က သူ့ကို အလွန်ထိတ်လန့်သွားစေသည့် အတွက်ကြောင့်လား၊ သို့မဟုတ် Cheng Xi ပြောလိုက်သည့်စကားများက သူ့ရင်ကိုနွေးထွေးသွားစေသည့် အတွက်ကြောင့်လားမသိ ဖြစ်နိုင်သည်၊ သို့သော် မည်သည့်အကြောင်းပြချက် ကြောင့်ပင် ဖြစ်စေ Shen Wei က အမှန်ပင်စကားနားထောင်ပြီး ထိုခွက်ထဲမှရေသောက်လိုက်သည်။

မကြာခင်မှာပင် Fu မိသားစုများ၏ ငိုကြွေးနေသံများကြားတွင် Shen Wei က မျက်လုံးမှိတ်၍ ငြိမ်းချမ်းစွာအိပ်ပျော်သွားတော့သည်။

ထိုအခါမှ Cheng Xi အသက်ရှူချောင်သွားပြီး Shen Wei ကိုယ်ကို ခုတင်ပေါ်ချကာ သောကရောက်နေသည့် Fu မိသားစုနှင့်ရင်ဆိုင်ရန် လှည့်ကြည့်လိုက်သည်။ သူတို့အားလုံးက Fu Mingyi အနားတွင် စုပြုံဝိုင်းနေပြီး သူ့ကိုယ်ကိုပွေ့ဖက်၍ ငိုယိုနေရင်းဖြင့် အကူအညီတောင်းနေကြခြင်း ဖြစ်သည်။ "စိတ်မပူနဲ့၊ သူမသေးဘူး။ အိပ်ဆေးတချို့ သောက်မိသွားတာပဲ ရှိတယ်။"

စောစောက Shen Wei နားထဲသို့ သူမ တိုးတိုးလေး ကပ်ပြောလိုက်ခြင်း ဖြစ်သော်လည်း သူမအသံက နှစ်ကိုယ်ကြားပြောနေသည်ထက် ပိုကျယ်နေသည်ဖြစ်ရာ အခန်းထဲတွင်ရှိနေကြသည့် လူအများစုမှာ အနည်းဆုံးတော့ စကားတချို့တစ်ဝက် ကြားသွားခဲ့ကြသည်။ အမှန်တိုင်းပြောရလျှင် ထိုသို့သောအခြေနေမျိုး၌ Fu Mingyi ၏မိသားစုဝင်များက Cheng Xi ကို ပြေးရိုက်ခြင်းမပြုဘဲ သူ့ကိုယ်ကိုသာ ပွေ့ဖက်ထားခြင်းပြုနေသည်ကပင် အတော်လေး ဆင်ခြင်တုံတရားတို့ရှိနေသည်ဟု ပြောရပေမည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now