Unicode - အဖွဲ့ကွဲခြင်း
Cheng Xi ၏ဦးနှောက်တစ်ခုလုံး ပွင့်ထွက်ပေါက်ကွဲသွားပုံ ပေါ်ပြီး ဤကိစ္စကိုနားလည်ရန် အချိန်အတော်လေးကြာအောင် စဉ်းစားယူလိုက်ရသည်။
Cai Yi သူမကိုကြည့်ရင်းနှင့် ရယ်ချင်စိတ်ကို မအောင့်ထားနိုင်တော့ပေ။ "ဟုတ်ပါပြီ၊ မင်းပုံစံက မသိရင် ငါကပဲ မင်းရဲ့အဖိုးတန်ပစ္စည်းတစ်ခုကို လုယူလိုက်သလိုလို။ စိတ်မပူပါနဲ့။ သူ့ကို ဟိုဘက်ပြောင်းလိုက်ရင်တောင် အကောင်းဆုံးဆေးကုသမှု ရနေမှာပါ။ မင်းရဲ့ ကြိုးစားအားထုတ်မှုတွေ အလဟဿ မဖြစ်သွားစေရဘူး။"
"ကျွန်မ ဒါကို ဂရုမစိုက်ပါဘူး..." နောက်ဆုံး၌ ကြားလိုက်ရသည့်သတင်းစကားကို နားလည်အောင်ကြိုးစားကြည့်ပြီးသည့်အခါ သူမ၏မျက်နှာအမူအရာတို့က တဖြည်းဖြည်း တည်ငြိမ်သွားလေသည်။ "ပါမောက္ခ အခုနပြောလိုက်တဲ့ လူနာမိသားစုဝင်ဆိုတာ ဘယ်သူလဲ။"
"သူ့ရဲ့မွေးမိခင်၊ မဒမ် Lin"
Cheng Xi မကျေနပ်သည့်စိတ်ကြောင့် အံကြိတ်လိုက်သည်။ "ကျွန်မ သိထားသလောက်က သူနဲ့ Chen Fuguo ကွာရှင်းထားခဲ့တာ အခုဆို နှစ်တွေအများကြီးရှိနေပြီ။ သူတို့နှစ်ယောက်ကြားမှာ အချိန်အကြာကြီး အဆက်အသွယ်ပြတ်နေခဲ့ကြတာဆိုတော့ သူ့အနေနဲ့ Chen Jiaman ကို စောင့်ရှောက်ပိုင်ခွင့်မရှိတာက သိပ်ကြာနေလောက်ပြီ..."
Cheng Xi ဤသို့ပြောလာမည်ကို ကြိုတင်သိနေဟန်ဖြင့် Cai Yi က ပြုံးတစ်ဝက်မျက်နှာနှင့်ပင် သူမကိုကြည့်နေလေသည်။ ထို့နောက် အိတ်ထဲမှ စာရွက်တစ်ရွက်ဆွဲထုတ်ကာ သူမအရှေ့တွင် ချထားလိုက်သည်။
အထဲ၌ရေးထားသည့် အကြောင်းအရာတို့ကို Cheng Xi မကြည့်ပေ၊ ပထမဆုံး သူမ မျက်လုံးအကြည့်ရောက်သွားသည်မှာ စာရွက်အောက်နား၌ ရေးထိုးထားသည့် လက်မှတ်ဖြစ်ပြီး ထိုလက်မှတ်ပိုင်ရှင်မှာ Chen Fuguo ပင်ဖြစ်သည်။ ထိုအခါမှသာ အပေါ်၌ သပ်သပ်ရပ်ရပ်ရေးထားသည့် လက်ရေးလှလှ စကားလုံးများကို သူမဖတ်ကြည့်မိတော့သည်။ 'မင်းအနေနဲ့ မိခင်တစ်ယောက်ရဲ့ တာဝန်ယူပြီး သူ့ကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်သွားနိုင်ဖို့ ငါမျှော်လင့်တယ်..."
YOU ARE READING
မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်
Romanceမူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) မူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) https://www.wuxiaworld.com/no...