Unicode - နှလုံးသွေးများရပ်တန့်ခြင်း
Donglai မှ Cheng Xi ပြန်ထွက်လာပြီးသည့်အခါယခင်ထက်ပို၍ သူမ တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းနေသည်ကိုခံစားမိသည်။ Chen Fuguo ကြောင့် ရင်ထဲမှ ကြီးမားလေးလံသည့် ကျောက်တုံးအစိုင်အခဲကို Lu Chenzhou က အလွယ်တကူ ဖယ်ရှားပေးလိမ့်မည့်ဟူ၍ ထင်မှတ်မထားခဲ့ပေ။
သူမ စိတ်ထဲ၌ အပြစ်ရှိသေးကြောင်း ခံစားနေဆဲဖြစ်သော်လည်း ထိုအရာက Chen Fuguo နှင့် လုံးဝ မသက်ဆိုင်တော့ပေ။
Lu Chenzhou ပြောလာသည့် အလောင်းအစားကမူ၊ သူဘာကို ရည်ရွယ်၍ပြောလိုက်ခြင်းဖြစ်ကြောင်း သူမ နားလည်သည်။ အချစ်ကိုမယုံကြည်သည့် သူ့အနေဖြင့် Lin Fan နှင့် သူမတို့ဆုံစည်းခြင်းမှ ကောင်းသည့်အရာ တစ်စုံတစ်ခုမှ မဖြစ်လာနိုင်ဟုသာ လက်ခံထားခြင်းဖြစ်သည်။
သူမတို့၏အချစ်က ဘာအကျိုးမှမရှိသည့်အပြင် အဓိပ္ပာယ်လည်းမရှိကြောင်းကို Lu Chenzhou က သူမကို နားလည်စေချင်နေသည်။
သို့သော် သူယုံကြည်လာရန်အတွက် ယခု သူမက Lin Fan နှင့်တွဲကာ ထိုအရာကို သရုပ်ဆောင်ဟန်လုပ်ပြရမည်ဟု ဆိုလိုနေသည်လား။ ဤအဖြစ်က အတော်လေးရယ်စရာကောင်းနေသည်၊ Lu Chenzhou သည် ဤကဲ့သို့သော အဓိပ္ပာယ်မရှိသည့်အရာကို တောင်းဆိုမည့်လူတစ်ယောက်မဖြစ်နိုင်လောက်ဟု သူမ ခံစားမိသည်။ အခြားသူများ၏ ချစ်ရေးချစ်ရာကိစ္စက သူနှင့်ဘာဆိုင်သနည်း။
အကယ်၌ ထိုသို့ဆိုပါက မည်သည့်အတွက်ကြောင့် သူလုပ်ခဲ့သည်များကို ဖွင့်ပြောရသနည်း။
ဤသည်က Lu Chenzhou သူမကို... အမှန်ပင် ကြိုက်နေသည့်အတွက်ကြောင့်လား။ သူမကို ကြိုက်လွန်းသဖြင့် Cheng Xi စိတ်ဆင်းရဲမည်ကို မကြည့်ရက်သည့်အတွက်ကြောင့်လား။ ထို့ပြင် စာချုပ်ကို ဖျက်သိမ်းလိုသည့်အတွက် ယခုကဲ့သို့ ပေါက်တက်ကရအကြောင်းပြချက်ကို ရှာလိုက်ခြင်းလား။
ထိုအကြောင်းကိုတွေးရင်းနှင့် Cheng Xi မနေနိုင်ဘဲ ရယ်မိတော့သည်။ Lu Chenzhou က သူမကိုကြိုက်နေ၍ စိတ်ဆင်းရဲအောင် မလုပ်လိုဟူသည်ထက် သူက သူမအပေါ်တွင် စိတ်ကုန်သွားပြီဟု ပြောသည်ကပင် ပို၍မှန်နိုင်ခြေရှိသည်။ အခြားစကားလုံးဖြင့် ပြောရလျှင် သူလိုချင်သည့် ခံစားမှုမျိုးကို သူမထံမှ ရနိုင်တော့မည်မဟုတ်ကြောင်းကို ရှာဖွေတွေ့သွားသဖြင့် သူမကို ပ,ထုတ်လိုက်ရန် အကြောင်းပြချက်တစ်ခု ရှာလိုက်ခြင်းဖြစ်သည်။
YOU ARE READING
မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်
Romanceမူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) မူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) https://www.wuxiaworld.com/no...