အခန်း (၁၄)

1.2K 181 1
                                    

Unicode - ငါမင်းကို ချစ်ခွင့်ပန်ချင်တယ်

Cheng Xi ကားမောင်းလိုင်စင်လုပ်ထားသည်မှာ လွန်ခဲ့သည့်အချိန်အတော်ကြာကပင် ဖြစ်သော်လည်း ပုံမှန်အားဖြင့် သူမ ကိုယ်တိုင်ကားမောင်းလေ့မရှိပေ။ ထို့ပြင် Fu Mingyi ၏ ကားက ဖန်စီဖြစ်လွန်းသည့်အတွက်ကြောင့် မောင်းနေစဉ်တစ်လျှောက်လုံး၌ ရင်တမမဖြစ်နေတော့သည်။

သို့တိုင်အောင် ဘေး၌ထိုင်ကာ သူမ အား အသေအချာ စိုက်ကြည့်နေသည့် Lu Chenzhou ၏ စူးစူးရှရှအကြည့်များက Cheng Xi သတိမထားဘဲ မနေနိုင်အောင်ကို သိသာလွန်းနေသည်။

ထိုင်ခုံဘေးမှ လက်ထားရန်တန်းပေါ်တွင် သူ့လက်တင်ကာ ထိုင်နေခြင်းဖြစ်ပြီး မျက်ဝန်းများကမူ သူမ အား မျက်တောင်မခတ်တမ်း မမှိတ်မသုန် ကြည့်နေလေသည်။ စိတ်ကျေနပ်သည်အထိ အဝကြည့်ပြီးသည့်အခါ သူ၏ ယူဆသုံးသပ်ချက်ကို ထုတ်ပြောလာတော့သည်။

"မင်းရုပ်က သာမန်ပါပဲ။ ဒါနဲ့များ သူတို့က မင်းကို ချောတယ်လို့ ဘာလို့ပြောကြတာလဲ။"

စောစောက ရေပူစမ်းကန်၌ရှိနေကြစဉ်တွင် Cheng Xi ၏ အတန်းဖော်သူငယ်ချင်းများ ဝိုင်းဖွဲ့ပြောနေသည့်စကားများကို သူကြားခဲ့ပြီးပြီဖြစ်သည်။ ယခု ပြောလာသည့် သူ၏စကားများက ထိုစဉ်က မှတ်ချက်ပြုခဲ့ဖူးသည့် ဤစကားများ၏ နောက်ဆက်တွဲပင် ဖြစ်တော့သည်။

"အထူးသဖြင့် မင်းမှာ ပါးချိုင့်တစ်ဖက်ပဲ ရှိနေတဲ့အချက်ကြောင့်ပဲ။ သိပ်ကြည့်ရဆိုးလွန်းတယ်။"

Cheng Xi ဒေါသထွက်သွားသော်လည်း Lu Chenzhou အား တစ္ဆေတစ်ကောင်အဖြစ် သတ်မှတ်ကာ သူပြောနေသည်များကို မကြားဟန်ဆောင်ရင်း စိတ်ထိန်းလိုက်ရတော့သည်။

သူ့စကားများကို မည်သည့်အတွက်ကြောင့် Cheng Xi လျစ်လျူရှုထားရကြောင်း Lu Chenzhou နားမလည်၍ ဇဝေဇဝါဖြစ်သွားသည်။

"မင်း ဒီနေ့ကျတော့ ဘာလို့ စကားတစ်ခွန်းမှ ပြန်မပြောတော့တာလဲ။"

အမှန်တိုင်းဝန်ခံရလျှင် ယခင်အချိန်များနှင့် မတူဘဲ တမူထူးခြားနေသည့် ယနေ့ညမှ သူ၏ အပြုအမူကြောင့် Cheng Xi ပို၍ပင် အံ့ဩသွားရသည်။ တစ်စပ်တည်းမှာပင် သူမ ပါမောက္ခမှ အကူအညီလှမ်းတောင်းထားသည့် ကိစ္စကိုပြန်တွေးမိသည့်အခါ မောင်းနေသည့်အရှိန်ကို လျှော့ချလိုက်ပြီး သူ့အား မေးခွန်းထုတ်လိုက်သည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now