အခန်း (၈၂)

569 84 7
                                    

Unicode - ငါမင်းကို အဖော်လုပ်ပေးဖို့လာခဲ့တာ

ထိုအခိုက်အတန့်၌ သူမ မည်သို့ခံစားနေရကြောင်းကို Cheng Xi မပြောတတ်တော့သည့်တိုင် ထိုခံစားချက်မှာ ကြက်ခြေထောက်စားစဉ်၌ အရိုးစတစ်ခုကို မတော်တဆ မျိုချမိလိုက်သည့်အဖြစ်နှင့် အတော်လေးတူသည်။ ခပ်သေးသေး အရိုးစလေးသာဖြစ်သော်လည်း အတော်လေးခံရခက်သည့်နေရာ၌ ရှိနေခြင်းဖြစ်ကာ မျိုချ၍လည်းမရ၊ ချောင်းဟန့်ထုတ်၍လည်း မဖြစ်နိုင်သဖြင့် ပို၍ပင်စိတ်ပျက်စရာ ကောင်းနေတော့သည်။

စိတ်ကျဝေဒနာ ခံစားနေရခြင်းမှ လုံးလုံးလျားလျား ပျောက်သွားပုံပေါ်သည့် Meng Qingyang ကို သူမကြည့်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် ယခင်ကရှိနေခဲ့သည့် စိတ်ပျက်အားငယ်မှုနှင့် ဇဝေဇဝါဒွိဟဖြစ်နေခြင်းတို့ လုံးဝမရှိတော့သည့်အပြင် မျက်ဝန်းများကလည်း တောက်ပစူးရှလာပြီး သွက်လက်တက်ကြွနေသည်။

Cheng Xi က သူမကိုယ်သူမ ပြန်လည်တည်ဆောက်ယူခဲ့ရသည့် ဘဝဇာတ်ကြောင်းကို Meng Qingyang အားပြောပြခဲ့စဉ်က ထိုအဖြစ်အပျက်တို့သည် သူမအရှေ့၌ရှိနေသည့် ဤမိန်းကလေးကို ယခုကဲ့သို့ "တမူထူးခြားသည့်" လမ်းကြောင်းအတိုင်း ရှေ့ဆက်တိုးသွားနိုင်ရန် အကူညီပေးခဲ့လိမ့်မည်ဟူ၍ မတွေးခဲ့မိပေ။

ရင်ထဲမှ စိတ်ပျက်သွားမှုကိုမျိုသိပ်ကာ Meng Qingyang ကိုမေးလိုက်သည်။ "မင်းသူ့ကို ကြိုက်တယ်ဆိုတာ သေချာရဲ့လား။"

"သေချာတယ်။"

Cheng Xi ပြုံးလိုက်သည်။ Meng Qingyang ကို ဂရုဏာသက်မိသော်လည်း နောက်ထပ်ဘာတစ်ခွန်းမှ မပြောရန်သာ ကိုယ့်စိတ်ကိုယ်ထိန်းလိုက်သည်။

သူမ ရုံးခန်းသို့ပြန်ရောက်သည့်အချိန်၌ Meng Qingyang ထံမှ မက်ဆေ့ချ်တစ်စောင် ဝင်လာပြီး ထိုအထဲ၌မူ ဓာတ်ပုံသုံးပုံ ပါလေသည်။ ပထမဓာတ်ပုံ၏ နောက်ခံမြင်ကွင်းမှာ ဟိုတယ်တစ်ခုတွင်ဖြစ်ပြီး ပုံထဲ၌ Lin Fan က Meng Qingyang ကို ပွေ့ဖက်ထားသည့်အတွက် သူမဖုန်းဖြင့် ဤပုံကို ခိုးကြောင်းခိုးဝှက် ရိုက်ယူခဲ့ခြင်းဖြစ်သည်မှာ သိသာနေသည်။

ဓာတ်ပုံထဲ၌ အချိန်ကိုပါ 'အလိုက်တသိ'ဖြင့် ထည့်ထားပါသေးသည်။ Cheng Xi သည် မှတ်ဉာဏ်ကောင်းသူ ဖြစ်သည့်အလျောက် ထိုနေ့သည် သူမမိဘများ၏အိမ်အနီး၌ ငါးမျှားထွက်ပြီးကြသည့် နောက်တစ်နေ့ဖြစ်ကြောင်းကို မှတ်မိသွားသည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now