အခန်း (၇၀)

638 93 6
                                    

Unicode - စိုးရိမ်ဖွယ်ရာ အခြေအနေ

Cheng Xi အိမ်ရှေ့တံခါးဖွင့်လိုက်သည့်အခါ Lin Fan ဝင်လာပြီး သူမကိုယ်လေးကို ပွေဖက်၍ ပြောလိုက်သည်က “ငါ နင့်ကိုအရမ်းလွမ်းနေတာ။ နောက်နောင် ငါစိတ်ဆိုးရင်တောင် နင့်ကိုဘယ်တော့မှ ထပ်မပစ်ထားတော့ဘူးကွာ။ အဲ့လိုလုပ်တာက နင့်အတွက်ကျတော့ ဘာမှမဖြစ်ပေမဲ့ တကယ်အပြစ်ပေးခံလိုက်ရတာက ငါပဲဖြစ်နေတာ။”

ထို့နောက် အောက်သို့ Lin Fan ခေါင်းငုံ့ကြည့်လိုက်ကာ သူမခြေရင်းနားတွင် ရှိနေသည့်ပစ္စည်းများကို တွေ့လိုက်ချိန်၌ ပြုံးသွားသည်။ “အမဲသားပြားလား။ ငါ ဘာကူပေးရဦးမလဲ။” 

သို့သော် Cheng Xi ၏အသွင်ကို တွေ့သည့်အခါ သူမေးလိုက်သည်။ “ဘာဖြစ်လို့လဲ။” 

Cheng Xi နှုတ်ခမ်းဟလိုက်သော်လည်း ဘာစကားတစ်ခွန်းမှ ပြောမထွက်လာပေ။

Lin Fan သူမကိုယ်လေးကို လွှတ်ပေးလိုက်သည်။ “ကိစ္စတစ်ခုခုပေါ်လာလို့လား။” 

ဤအကြိမ်က သူမအနေဖြင့် ပြောစရာစကားမရှိအောင် အမှန်ပင် ဆွံ့အနေမိသည့် ပထမဆုံးအချိန်ဖြစ်သည်။ “Lin Fan” သူမ သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီးနောက် ကြိုးစားပြီး တွန်းဖယ်ထုတ်လိုက်သည်။ “တောင်းပန်ပါတယ်။ ငါဒီနေ့ နင်နဲ့ ညစာစားလို့မဖြစ်နိုင်တော့ဘူး။”  

Lin Fan က ရွှင်ရွှင်ပျပျ အမူအရာနှင့်ပင် ရယ်သံပြုကာ “ဘာများလဲလို့ကွာ၊ နင့်မျက်နှာကိုကြည့်ပြီး ငါတကယ်လန့်သွားတာ။ ထမင်းတစ်နပ်လေးပဲဟာကို၊ ဘာပြဿနာမှမရှိပါဘူး။ Jiaman တစ်ခုခုဖြစ်လို့လား။”  

“သူ မဟုတ်ဘူး။” 

“ဒါဆို ဆေးရုံကိစ္စပေါ့၊ ဟုတ်လား။ စိတ်မပူပါနဲ့၊ ငါလည်း ချက်နိုင်ပါတယ်။ အားလုံးပြီးသွားတာနဲ့ နင့်ဆီလာပို့မယ်လေ၊ ဟုတ်ပြီလား။” 

Lin Fan က ထိုသို့ပြောပြီးနောက် ပစ္စည်းများကိုဆွဲယူကာ ဟင်းသွားချက်ရန်ပြင်လိုက်စဉ်၌ Cheng Xi က သူ့ကိုတားလိုက်ပြန်သည်။ “ဆေးရုံကိစ္စမဟုတ်ဘူး။” ထို့နောက် သူမ သက်ပြင်းချကာ စိတ်တင်းထားလိုက်သည်။ စစချင်း၌မူ သူမနှင့် Lu Chenzhou အကြားမှ အကြောင်းများကို သူ့အားအသေးစိတ်ရှင်းပြရန် စဉ်းစားထားခဲ့သည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now