Unicode
Lu Chenming နှင့်သာ စကားပြောဖြစ်လျှင် သူမသည် Lu Chenzhou ကို ပိုမိုနားလည်သွားနိုင်မည်လားဆိုသည်ကို သိလို၍ သူနှင့်အမှန်ပင် တွေ့ချင်နေခြင်းဖြစ်သည်။ Lu Chenzhou ၏ရောဂါသည် သူ့ဘဝအစောပိုင်းကာလများတွင် ဖြစ်ခဲ့လိမ့်မည်ဟု သူမ စိတ်ထဲ၌ အမြဲခံစားနေမိသည့်အပြင် သူနှင့်တွဲရန် စိတ်ပိုင်းဖြတ် ပြင်ဆင်ထားပြီးပြီဖြစ်၍ သူ့အတွက်ကုသမှုကို Cheng Xi အရှိန်မြှင့်လိုသည်မှာ သဘာဝကျပေသည်။
အမှန်၌မူ သူ၏အတိတ်အကြောင်းကို Lu Chenzhou ၏အဘိုးအဘွားတို့ထံ မေးလိုက်လျှင်ရသော်လည်း ထိုနှစ်ယောက်သည် မြေးဖြစ်သူကို အကောင်းမြင်ဝါဒ လက်ကိုင်ပြု၍ ရှုမြင်ထားကြသည်။ ၎င်းတို့အတွက် Lu Chenzhou သည် အိမ်ထောင်မပြုရသေးသည်မှလွဲ၍ သူလုပ်သမျှအရာတို့သည် ဘာပြဿနာမှမရှိ၊ အားလုံးကောင်းသည်ချည်းသာ ဖြစ်သည်။ ထို့ကြောင့် သူမ Lu Chenming နှင့်တွေ့ရန် ဆုံးဖြတ်လိုက်ရလေသည်။
သို့သော် Lu Chenming ၏ အရှက်အကြောက်ကြီးမှုကို လျှော့တွက်ထားခဲ့မိသည်။ Cheng Xi ပြောပြီးသည်နှင့်ချက်ချင်း သူ့တစ်ကိုယ်လုံး တုန်ယင်သွားကာ ကြောက်လန့်နေဟန်ဖြင့် သူမကိုကြည့်ပြီးနောက်၌မူ အဝေးသို့ပြေးထွက်သွားလေသည်၊ သူ ငိုနေခြင်းပင်!
သူအမှန်တကယ် ငိုနေသည်ဟု Cheng Xi ပြောနိုင်သည်မှာ စားပွဲခုံပေါ်တွင် မျက်ရည်စက်တချို့ ရှိနေခဲ့ခြင်းကြောင့် ဖြစ်သည်။
သို့သော် ထိုသို့ပြေးမသွားခင်တွင် သူမ လှမ်းပေးသည့် သကြားလုံးကိုပါ မမေ့မလျော့ယူသွားလေသည်။
စက္ကန့်နှင့်အမျှ တဖြည်းဖြည်း ဝေးကွာသွားပြီဖြစ်သည့် Lu Chengming ၏နောက်ကျောပြင်ကို Cheng Xi ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိသည်။ ဖြည်းဖြည်းချင်း ခေါင်းခါရင်း ဆန့်တန်းထားဆဲဖြစ်သည့် လက်ကို ပြန်ရုတ်လိုက်တော့သည်။
ထို့နောက် သူမ အိမ်ပြန်သည့်အခါ Cheng Yang ကိုဖုန်းခေါ်၍ မေးသည်က၊ "နင် Lu Chenzhou ရဲ့ညီအကြောင်း ဘယ်လောက်သိလဲ။"
Lu Chenming သည် အလွန်ပင် အရှက်အကြောက်ကြီးပြီး အနည်းငယ် ထူးဆန်းသည်ဟု သူမခံစားမိသည့်အတွက် ထိုမေးခွန်းကို မေးလိုက်ခြင်းဖြစ်သည်။ သို့သော် မထင်မှတ်ထားသည်မှာ Cheng Yang ဘက်က မလုံမလဲလေသံဖြင့် ပြန်ဖြေလာခြင်းပင်၊ "ဘာလို့ သူ့အကြောင်း ရုတ်တရက် ထမေးတာလဲ။"
YOU ARE READING
မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်
Romanceမူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) မူရင်းရေးသားသူ - Sunny အင်္ဂလိပ်ဘာသာပြန်သူ - Qoob မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၂၅၆ (Unicode + Zawgyi) https://www.wuxiaworld.com/no...