အခန်း (၂၆)

1K 151 3
                                    

Unicode - ရင်ထဲမှဝေဒနာ

ညစ်ပတ်နံစော်ပြီး ရက်ပေါင်းမည်မျှကြာအောင် ရှိနေပြီမှန်းမသိသည့် စားကြွင်းစားကျန်ပုံးတစ်ခုက စက္ကန့်ပိုင်းအတွင်း၌ Cheng Xi ကိုယ်ပေါ်သို့ လောင်းချလာခြင်းဖြစ်သည်။ ချက်ချင်းပင် ချဉ်စုတ်စုတ်နှင့် ပုပ်စပ်နံစော်သည့်အနံ့တို့က Cheng Xi နှာဝသို့ လာရိုက်ခတ်တော့သည်။

သူမ လန့်ဖျပ်သွားရပြီး ထိုနေရာ၌ပင် ကျောက်ရုပ်ကဲ့သို့ မလှုပ်မယှက်ငြိမ်ရပ်နေမိကာ လူတစ်ကိုယ်လုံး ရွဲရွဲစိုနေပြီ ဖြစ်သည်။ ထိုစားကြွင်းစားကျန်ပုံးကို သူမ ကိုယ်ပေါ်သို့ လာလောင်းချသူမှာ အနည်းငယ်ခါးကိုင်းနေသည့် အဘွားအိုတစ်ယောက်ပင် ဖြစ်သည်။

အဖွားအိုက သူမတို့အနားသို့ ထိုပုံးကိုင်ကာ လျှောက်လာစဉ်အချိန်က ပုံးထဲမှအမှိုက်များကို အခြားနေရာတွင်သွန်ရန် လုပ်နေသည်ဟုသာ Cheng Xi တွေးခဲ့မိသည်။ သို့သော် ခဏကြာသည့်အခါမှသာ ထိုအဘွားအိုက လက်မြှောက်လိုက်ပြီး အထဲမှထမင်းဟင်း အကျန်များကို Lu Chenzhou ဆီသို့ ရွယ်လိုက်သည်ကို သူမ တွေ့သွားရခြင်းဖြစ်သည်။

Cheng Xi က Lu Chenzhou ၏နေရာတွင် အစားဝင်ခံသလို ဖြစ်သွားရခြင်းက မသိစိတ်၏လှုံ့ဆော်မှုကြောင့်ပင်ဖြစ်ပြီး သူရပ်နေသည့်နေရာမှ လှမ်းဆွဲလိုက်ရန်သာ ရည်ရွယ်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် သူ၏မြင့်မားရှည်လျားသည့်အရပ်နှင့် ကိုယ်အလေးချိန်များနေခြင်းတို့ကြောင့် သူ့ကို ဘေးလွတ်ရာသို့ တွန်းပို့လိုက်နိုင်သည့်တိုင်အောင် သူမက ထိုအန္တရာယ်ဇုန်ထဲသို့ မရည်ရွယ်ပါဘဲနှင့် ဆိုက်ဆိုက်မြိုက်မြိုက် ကျရောက်သွားတော့သည်။

သူမ ကိုယ်ပေါ်သို့ တစ်ပုံးလုံးလောင်းချပြီးသွားသော်လည်း အဘွားအိုက မထွက်သွားဘဲရပ်နေဆဲဖြစ်ကာ Cheng Xi ကို ကြောက်စရာကောင်းသည့် မျက်နှာထားဖြင့် စိုက်ကြည့်နေသည်။ နှုတ်မှလည်း ကြမ်းတမ်းရိုင်းပျသည့်စကားများကို Cheng Xi နားမလည်သည့် ဒေသသုံးစကားတစ်မျိုးဖြင့် တတွတ်တွတ်ရွတ်ကာ ကြိမ်ဆဲနေသည်။

Lu Chenzhou ၏ဒရိုင်ဘာမှာ ကားထဲတွင် နားကြပ်တပ်ကာ ဖုန်းဖြင့်သီချင်းနားထောင်နေခြင်း ဖြစ်သော်လည်း ဆူဆူညံညံ အသံများကြားလိုက်ရသည့်အခါ နှလုံးရပ်သွားမတတ်ပင် ထိတ်လန့်သွားရသည်။ ထိုနေရာသို့ ချက်ချင်းပြေးသွားကာ အဘွားအိုကို ဖမ်းချုပ်ပြီး တွန်းထုတ်ရန်လုပ်လိုက်ချိန်၌ Cheng Xi က သူ့ကို အလျင်စလိုလှမ်းတားလာသည်။ "သူ့ကို မထိနဲ့!"

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now