#For Unicode
လွန်းတို့ ပရဟိတ ဆရာဝန်အားလုံး
ဆယ်ယောက်မို့ သုံးယောက် တစ်ဖွဲ့ခွဲကာဆေးကုဖို့ ထွက်လာခဲ့ကြသည်။လွန်းက အာကာ
နှင့် တစ်ဖွဲ့နေပြီး မသီရိကလည်း တစ်ယောက်တည်း ဖြစ်နေတာမို့ သင်းရနံ့ကိုခေါ်ကာ လွန်းတို့နှစ်ယောက်နှင့် အတူလိုက်လာခဲ့၏။တခြားအုပ်စုတွေက ရွာတောင်ပိုင်းနှင့် အနောက်ပိုင်းကို သွားကြပြီး လွန်းတို့ အုပ်စုက မြောက်ပိုင်းသို့ ထွက်ခဲ့ကြသည်။တစ်အိမ်ဝင် တစ်အိမ်ထွက် ကျန်းမာရေး စစ်ဆေးပေးပြီး ရလိုက်တဲ့ လက်ဆောင်တွေကလည်း တစ်ပုံတပင်။လယ်ယာ ထွက်သီးနှံများကို ဆရာဝန်လေးတွေ အတွက်ဆိုကာ အထုပ်ကြီး၊ အထုပ်ငယ်ဖြင့်
ထည့်ပေးလိုက်ကြသေးသည်။သို့ပေမဲ့ အခုသွားရမယ့် တစ်အိမ်ကိုတော့
မသီရိ တစ်ယောက် အနည်းငယ်လန့်နေရ၏။ဒီအိမ်က အဘွားက အသက် ကိုးဆယ်ကျော်နေပြီဖြစ်သည်။တစ်နည်းအားဖြင့် သူငယ်ပြန်နေလေပြီ။ဒါ့ကြောင့်မို့ ရစ်ပုံရစ်နည်းက ကလေးထက်ပင်သာ၏။လယ်ကွင်းဘေးနားက တစ်ယောက်စာသာ လျှောက်လို့သည့်ရသည့် လမ်းလေးကို ကျော်ဖြတ်လာပြီးနောက် လမ်းအဆုံးတွင် တဲအိမ်လေးတစ်အိမ် ကိုတွေ့ရသည်။မသီရိက အိမ်ထဲသို့ မဝင်ခင် အဘွားအကြောင်း လွန်းတို့ သုံးယောက်ကိုပြောပြတော့ အာကာက သူ့ တာဝန်ထားဟု ဆိုကာ ရှေ့ဆုံးက ဝင်သွား၏။
"ဪ..ဆရာဝန်လေးတို့တောင် လာပြီ... အမေက ခုလေးတင် ရေချိုးပေးထားပေးလို့ စိတ်ကောက်နေတာ..."
သက်လတ်ပိုင်းအရွယ် အစ်မ တစ်ယောက်က
ထွက်လာပြီး အပြုံးချိုချိုနှင့် နှုတ်ဆက်တော့သည်။တဲအိမ်လေးက လွန်း အခန်းတစ်ခန်းစာတောင်ရှိမနေပါ။နေရာကျဉ်းကျဉ်းလေးထဲ ကွပ်ပျစ်လေး ခင်းထားပြီး အဘွားက ကျောပေးကာ အိပ်နေသည်။လွန်းတို့ ဝင်လာတာကို တစ်ချက်ပင် လှည့်မကြည့်။ရေချိုးပေးတိုင်း ပတ်ပြေးနေကြ ကလေးများလို စိတ်ဆိုးနေပြီ ထင်သည်။"အစ်မ ဒါ ဘွားအတွက် ကျွန်တော်တို့ လှူတာ"
လွန်းက အိမ်ရှင် အစ်မထံသို့ အိုဗာတင်းပုလင်းနှင့် brand ကြက်ပေါင်းရည် တစ်ပါကင် ကမ်းပေးလိုက်သည်။အစ်မက ဝမ်းသာအားရဖြင့် ကျေးဇူးတင်စကားဆို၏။အာကာကတော့ အဘွားဘေးနားသို့ လျှောက်သွားလေသည်။