Extra -4

28K 2.5K 203
                                    

#For Unicode

တိတ်ဆိတ်နေသောညသည် အလွမ်းတို့ပိုကဲစေပါသည်။

ညို့မှိုင်းနေသော တိမ်လွှာကြား ကြိုးစားကာ အလင်းပေးနေရှာသည့်  လခြမ်း‌ကွေးလေး၏ အလင်းရောင်ဟာ တံခါးရွက်လေးဖွင့်ထားသော အခန်းငယ်ဆီသို့ မိန်ဖျဖျ ဖျာကျနေတော့သည်။ထိုလခြမ်းကွေးလေးကို ငေးကြည့်ရင်း ကောင်လေးတစ်ယောက်၏ မျက်ဝန်းထဲ မျက်ရည်စတွေ ရစ်သိုင်းနေ၏။

လူက တောရွာကလေးမှာ ရှိနေသော်လည်း
စိတ်အစဥ်က မြို့ပြဆီသို့ ပြေးထွက်နေပါသည်။

ဒီအချိန် ကိုကို ဘာတွေများလုပ်နေမလဲ။သေချာသည်တစ်ခုက လွန်း ဖုန်းမဆက်လို့ စိတ်ဆိုးနေတော့မည်။

ဒီရွာလေးက ခေါင်မှန်းသိသော်လည်း ဒီလောက်ထိ မထင်ထားမိခဲ့။ကိုကို့ဆီ ဖုန်းဆက်ဖို့လုပ်မှ
ဖုန်းလိုင်းမမိမှန်း သိလိုက်ရသည်။အန်တီကြီး
ပြောပုံအရ MPT တစ်မျိုးသာ လိုင်းမိသည်တဲ့။
လွန်း ဖုန်းပါမက အာကာ့ ဖုန်းပါ telenor မို့
ဖုန်း လုံးဝသုံးမရတော့။သူများဆီ တောင်းဆက်ဖို့ရာလည်း အားနာ‌နေမိ‌တော့ မဆက်သွယ်ဖြစ်တော့ပါ။

တစ်ဖက်ရွာလို့ သွားကာဆက်မှသာလျှင် အဆင်ပြေလိမ့်မည်။မနက်ဖြန် မိုးလင်းတာနှင့် ဖုန်းသွားဆက်မယ်လို့ တွေးရင်း လွန်း အောင့်အီးသည်းခံကာ နေနေရ၏။ဒါ့အပြင်သည်ရွာက ညဆိုမီးမရှိပါ။ဆိုလာမီးနှင့်သာ တစ်ရွာလုံးနေကြတာမို့ ည ခုနှစ်နာရီလောက်ဆို မီးမရတော့ဘဲ အကုန်လုံး ‌အိပ်ရာဝင်ကြရသည်။

မြို့ပြမှာ နေလာသော လွန်း အဖို့ အစိမ်းသက်သက်ဖြစ်နေသော်လည်း ကိုယ်နဲ့ မရင်းနှီးသော တောရွာလေးက သာယာပါသည်။ရွာသားများ၏ ဧည့်ဝတ်ကျေပွန်မှု ကြောင့် ထမင်းစားဖို့ရာလည်း မပူရ။မြို့က ဆရာဝန်လေးတွေ ရောက်နေတယ် ဆိုသည့် စကားကြောင့် တစ်ရွာလုံးက ထမင်း၊ဟင်း များချက်ကာ ပို့ပေးကြသည်။ပိုလျှံနေ၍တောင် အားနာနေရပါသေး၏။

အာကာကတော့ ပျော်မဆုံးပင်။တစ်မျိုးပြီး
တစ်မျိုးစားသောက်ပြီး အကြိုက်တွေ့နေသည်။မင်းခန့်သူကို သတိမရဘူးလားမေးတော့ ဗိုက်ဝမှ လွမ်းလို့ ကောင်းမည်တဲ့။လွန်းကတော့ ကောင်းကောင်း မစားနိုင်ပါချေ။'အိမ်ကြက်ကလေးကို ချက်ထားတာ' ဆိုသည့် စကားမှာတင် လွန်း ထမင်းစား ပျက်ရတော့သည်။တောရွာ၏ ထုံးစံအတိုင်း ကြက်သားဟင်းဆိုလျှင် အိမ်မွေးကြက်ကိုသာ သတ်စားကြ၏။လွန်းအတွက် တမျိုးတဖုံ ဖြစ်နေ၍ ဘယ်လိုမှ ထမင်းစားမဝင်တော့။

သူဖန်ဆင်းတဲ့ လွန်းအိမ်ငယ် ( Completed )حيث تعيش القصص. اكتشف الآن