#For Unicode
ယနေ့ ကျောင်းတွင် ကျောင်းကောင်စီ ရွေးပွဲ
နေ့ဖြစ်သည်။ကျောင်းသူ၊ကျောင်းသားများအားလုံး တစ်တန်းချင်းဆီ ခန်းမထဲကိုလာကာ မဲပေးကြရမှာဖြစ်၏။မာန်က အသင်းခေါင်းဆောင်ဖြစ်တာမို့ ကျောင်းကောင်စီရွေးသည့်ထဲတွင် မဖြစ်မနေ ဝင်ပြိုင်ရသည်။"မာန် Congratulations နော်....နင်မဲ အများဆုံးရတယ်တဲ့...."
ဒဿမတန်း ကျောင်းသားများ ခန်းမကြီးထဲမှ ပြန်မထွက်ခွာခင် ခိုင် မာန့် ကိုစကားလာပြောခြင်းဖြစ်သည်။
"ဟား အေးပါ...ငါကျောင်းကောင်စီမှာရွေးခံရရင် နင် နေ့တိုင်း သန့်ရှင်းရေးလုပ်ရမယ်မှတ်.."
"မာန်နော် ခိုင့်ကိုဆို ခိုင်းဖို့ကြီးပဲ"
ခိုင်က မျက်စောင်းလေးထိုးကာ ပြောလေတော့ မာန်ရယ်မိပြန်သည်။
"စတာပါ...ခိုင်ရာသွားတော့လေ..အခန်းထဲမှာ ဆရာမရောက်နေမယ်"
"အင်းအဲ့တာဆို ခိုင်သွားပြီနော်..ညနေကျောင်းဆင်းရင် ခိုင့်ကိုစောင့်ဦး"
"အင်း အင်း"
မာန့်ကို နှုတ်ဆက်ကာထွက်လာသော်လည်း ခိုင့် စိတ်က မာန့်ဆီမှာပဲ ကျန်နေခဲ့၏။ဘယ်အချိန်ထဲက ခံစားချက်တွေ ရှုပ်ထွေးလာမှန်းမသိပေမဲ့ ခိုင် သိလိုက်တဲ့ အချိန်မှာ မာန့် အပေါ်ခံစားချက်က သူငယ်ချင်းဆိုတာ ထပ်ကိုပိုနေသည်။သို့ပေမဲ့ မာန်က စည်းမကျော်လာသလို ခိုင်လည်း ချိုးဖောက်ဖို့ မကြိုးစားမိပါ။မာန့် ဘေးမှာ အရင်းအနှီးဆုံး အဖြစ်ရှိနေရတာကိုပဲ ကျေနပ်ပါသည်။
မာန် ရဲ့အပြုအမူတိုင်းက ခိုင့်အတွက် ဆွဲဆောင်မှုရှိလွန်းတာကိုတော့ ဝန်ခံရမည်။စကားပြောတိုင်း မော့ကြည့်ရတဲ့ မာန့် အရပ်အမောင်းက ခိုင့် အမြဲမှီခိုချင်မိတဲ့ အရာတစ်ခု။တစ်ပါးသူကို နွေးထွေးစွာ ဆက်ဆံတတ်တဲ့ စိတ်ဓာတ်လေးကစလို့ စိတ်အလိုမကျရင် ဆူငေါက်တတ်တဲ့ လေသံအဆုံး ခိုင် သဘောကျနေမိတာပါပဲ။
မာန့် အကြောင်းတွေးကာ လျှောက်လာရင်း ခိုင် ပြုံးလို့ ပြုံးနေမှန်းတောင် ကိုယ့်ကိုယ်ကိုယ် သတိမထားမိ။ ဆရာမ လှမ်းခေါ်နေတာကိုလည်း မကြားမိလိုက်ပါ။