#For Unicode
ရက်၊ လတွေ တရွေ့ရွေ့ပြောင်းလဲခဲ့လေပြီ။
မာန်တို့ စာမေးပွဲကြီးဖြေရန်လည်း တစ်လလောက်သာလိုတော့၏။မာန်ကတော့ စာတွေကို ဘာသာစုံ ထပ်ခါတလဲလဲ revision ပြန်နေရသည်။ကိုးတန်းတွေက ဒီနေ့ Bio စာမေးပွဲဖြေပြီးလျှင် ကျူရှင်သင်ခြင်းတစ်နှစ်တာ ပြီးဆုံးတော့မည်ဖြစ်သည်။လွန်ခဲ့သော နှစ်လခန့်က ခရီးသွားမယ်လို့ မာန်ပြောခဲ့သော်လည်း ယခုချိန်အထိ လွန်းဆီက ခရီးနှင့်ပတ်သတ်ပြီး ဘာသံမှပြန်မကြားရ။အာကာ့အိမ်ကတော့ ခိုင်ပါ၍ စိတ်ချလက်ချနှင့် ခွင့်ပြုသည်။ဒီပုံစံတိုင်းဆို လွန်း ခရီးကို လိုက်ဖို့ မဖြစ်နိုင်လောက်တော့။ဒီနေ့လည်း ကျူရှင်နောက်ဆုံးနေ့မို့ နောက်ပိုင်း လွန်းနှင့်တွေ့ဖို့က မလွယ်ကူတော့ပေ။
ဒါကြောင့်မို့ မာန် ဒီရက်ပိုင်း နေရတာ ဘယ်လိုမှ အဆင်မပြေ။စာမေးပွဲကြီးနီးပြီဖြစ်၍ စိတ်ဖိစီးတာကတစ်ကြောင်း၊လွန်းနဲ့ကောင်းကောင်း မတွေ့ရတာက တစ်ကြောင်း စိတ်ရှုပ်ထွေးနေသည်။
"ဟူး......"
သက်ပြင်းရှည်ကြီးတစ်ခုကိုချလျက် လွယ်အိတ်ယူကာ ကျူရှင်သို့ ထွက်ခဲ့ရတော့၏။
"မာန် မျက်နှာ မကောင်းပါလား ဘာဖြစ်နေတာလဲ"
ကျူရှင်အောက်ရောက်တာနဲ့ ခိုင်က တွေ့တွေ့ချင်းတန်းမေးသည်။
"ဘာ့မှ မဖြစ်ပါဘူး ခိုင်ရာ"
"စာမရသေးလို့တော့ မဟုတ်လောက်ပါဘူး....ဘာလဲ ငါနဲ့ခွဲရတော့မှာမလို့ စိတ်ညစ်နေတာလား ဟီးဟီး ငါ နင့်အိမ်လာတွေ့ပါ့မယ်ဟာ"
ခိုင် ရွှတ်နောက်နောက်နှင့်စနေသော်လည်း မာန့် မှာကိုယ့်အပူနဲ့ကိုယ်မို့ မရယ်နိုင်။
"တော်ပါ ခိုင်ရာ လာနောက်ကျနေမယ် အပေါ်တက်ရအောင်"
မာန် စကားလမ်းကြောဖြတ်ပြီးသာ ခိုင်ကိုခေါ်ပြီး အပေါ်ထပ်သို့တက်ခဲ့သည်။ထမင်းခုနှစ်ရက် မစားရ သလို ဖြစ်နေသည့် မာန့် မျက်နှာကို ခိုင်ကတော့ အရိပ်တကြည့်ကြည့်။
"ကဲ သားတို့သမီးတို့ ဒီဉာဏ်စမ်းပုစ္ဆာတွေ
ဖြေကြည့်...ဖြေနိုင်ရင် ဂုဏ်ထူးမှန်းလို့ရပြီ"