#For Unicode
မာန် အိမ်သို့ ပြန်ပြီး လွန်းအတွက် လိုအပ်သည့် ပစ္စည်းများကိုထည့်ကာ ဆေးရုံသို့ပြန်ထွက်လာခဲ့သည်။ကားကို ခပ်မှန်မှန် မောင်းလာရင်း အင်းယားလမ်းတွင် မီးပွိုင့်မိသည်မို့ မာန် ခဏစက်သပ်ထားလိုက်၏။
မှောင်ရီပျိုးနေပြီဖြစ်သောကြောင့် ကန်ဘောင်တွင် ဂစ်တာတီးနေသော လူငယ်တချို့နှင့်အတူ
ပူပေါင်းလေး ကိုင်ကာပြေးလာသည့် ကလေးငယ်အား မိခင်က လက်ခုပ်တီးကာ မြူနေသော မြင်ကွင်းကို မာန် ကားပေါ်မှ လှမ်းကြည့်ရင်း ပြုံးလိုက်မိသည်။ရုတ်တရက် မေမေ့ ကိုသတိရသွား၏။မိမိ ငယ်ငယ်တုန်းကလည်း ဖေဖေ အလုပ်က ပြန်မလာခင် မေမေက ခြံထဲတွင် ဖေဖေ့ကိုစောင့်ရင်း အတူဆော့ပေးနေကြပင်။တစ်ဦးတည်းသော သားမလို့ မေမေက မာန် အထီးကျန်မှာကို သိပ်စိုးရိမ်ခဲ့သည်။အခုတော့ မေမေ စိုးရိမ်ခဲ့သည့်အတိုင်း တစ်ဦးတည်းသော သားတင်မက
တစ်ကောင်ကြွက်ပါ ဖြစ်ခဲ့ရလေသည်။ယခုလို မိမိ ဘဝတွင် တွယ်တာစရာဆိုလို့ လွန်း
တစ်ယောက်သာ ရှိတော့သည့်အချိန်တွင်
ထိုတစ်ယောက်ကလည်း မိမိအား မမှီခို။ဒီလိုအချိန်မျိုးဆို မေမေ့ရင်ခွင်ထဲတိုးဝင်ကာ ခံစားချက်တွေ ဖွင့်ချလိုက်ချင်သည်။နေ့လယ်က အဖြစ်အပျက်ကို သတိရလာကာ ရင်ထဲ မွန်းကြပ်လာပြန်၏။ငယ်က ငါ့ကိုမယုံဘူးလို့ စဉ်းစားမိတိုင်း ရင်ထဲမှာတဆစ်ဆစ် နာကျင်ရသည်။
တီ.................!!!
အတွေးလွန်ပြီး မီးပွိုင့် စိမ်းနေသည်ကိုပင် မာန်
မသိ။အနောက်က ကျယ်လောင်စွာ ကားဟွန်းတီးသံကြားမှ ကမန်းကတန်း ကားစက် နှိုးကာ မောင်းထွက်ခဲ့တော့သည်။Ring Ring....
မာန် ဆေးရုံသို့ ရောက်ခါနီး ခိုင့်ဆီက ဖုန်းဝင်လာသည်။
" Hello "
"Hello မာန်..ပိုးလွန်းအိမ်သတိရပြီ နင့်ကိုမေးနေတယ် ပြန်လာနေပြီလား"
"အင်း..ခဏနေရောက်တော့မယ်ခိုင်..အခုလမ်းမှာ ပြန်လာနေပြီ"
"အေးအေး မာန်.."