#For Unicode
လိုက်ကာသိမ်းထားသော ပြတင်းပေါက်မှန်မှ
နေအလင်းရောင်သည် လွန်း မျက်နှာပေါ်သို့ ဖြာကျလို့လာသည်။ထိုအလင်းရောင် စူးစူးကြောင့် လွန်း မျက်လုံးများ ကျိန်းစပ်ကာ အိပ်ရာမှ လန့်နိုးလာခဲ့၏။ကျွတ်...ကျွတ်!!!
အိပ်ရာမှ နိုးနိုးချင်းထိုးကိုက်လာသော ခေါင်းကိုက်ဝေဒနာကြောင့် လွန်း နားထင်ကိုလက်ဖြင့်ဖိထားရသည်။
မနေ့ညက မာန်နှင့်ပြဿနာတက်ပြီး အိမ်သို့ပြန်ရောက်ခိုက်တွင် လွန်း အရက်အလွန်အကျွံသောက်ကာ မူးပြီးအိပ်ပျော်သွားခြင်းဖြစ်၏။ထိုအရှိန်ကြောင့်ပဲ မနက်အိပ်ရာနိုးလာတော့ လူကမလှုပ်ချင်။မျက်လုံးများကို အားယူဖွင့်ကာ အိပ်ရာဘေးရှိစားပွဲခုံပေါ်တွင် တင်ထားသော နာရီကိုလှမ်းကြည့်မိတော့ မနက်ကိုးနာရီသို့ ညွှန်ပြနေလေပြီ။
"ဟာ ဒုက္ခပါဘဲကွာ"
ဆေးရုံသွားရန် နောက်ကျနေပြီမို့ လွန်း မထချင်ထချင်နှင့် ကုတင်ပေါ်မှ ကုန်းရုန်းထပြီး၊ရေချိုးခန်းထဲသို့ တန်းဝင်ရသည်။ရေချိုးရင်း မနေ့ညက အဖြစ်အပျက်များက ခေါင်းထဲပြန်ဝင်လာ၏။ရေပန်းမှကျနေသည့်
ရေစက်များကို မျက်နှာမော့၍ခံယူရင်း၊ ပါးပြင်ပေါ်သို့စီးကျလာသော မျက်ရည်များနှင့်အတူ မျောပါစေလိုက်သည်။တကယ်ဆို လွန်း စိတ်အရမ်း ပင်ပန်းနေတာမို့
ဘာမှ လုပ်ချင်စိတ်မရှိတော့ဘဲ နားပစ်လိုက်ချင်သည်။ သို့သော်လည်းမဖြစ်။တစ်နေ့ကမှ အာကာ့ကို ဂျူတီအစားထိုးဝင်ခိုင်းထား၍ ထပ်ပြီး အကူအညီ မတောင်းချင်တော့။လွန်း ဆေးရုံသွားဖို့သာ ဆုံးဖြတ်လိုက်သည်။ဤသို့ဖြင့် ရေမိုးချိုးပြီးနောက် စိတ်ပင်ပန်းစွာဖြင့် ဆေးရုံသို့ ထွက်ခဲ့ရလေ၏။........................
လွန်း ဆေးရုံတွင်လည်း ပုံမှန်အတိုင်း လူနာများ၏ ရောဂါအခြေအနေတို့ကို စစ်ဆေးရန် round လှည့်ရသည်။round လှည့်ပြီး မိမိနားနေခန်းသို့ ပြန်လာတော့ အာကာ ရောက်နှင့်နေပြီ။
"ပိုးလုံး ထမင်းသွားစားမယ်လေ"
ခေါင်းတစ်ချက်ညိတ်၍သာဖြေပြီးနောက်
ဂျူတီကုတ်ကို ခုံအနောက်မှာလွှားခဲ့ကာ၊အာကာနှင့် ထမင်းဆိုင် တစ်ဆိုင်သို့တော့ထွက်ခဲ့တော့သည်။လွန်း ပုံစံမှာ ခါတိုင်းနှင့်မတူ၊ပုံမှန်ထက် တိတ်ဆိတ်နေ၏။ဒါကိုအာကာက သတိမူမိသည်။