#For Unicode
"ကျွန်မက ပိုးလွန်းအိမ်ရဲ့ အမေပါ ဆွေးနွေးစရာလေးရှိလို့ အိမ်ထဲ ဝင်ထိုင်လို့ရမလားရှင့်"
"ဟုတ်ကဲ့အစ်မ ကြွပါနော်"
ဒေါ်ခင်ခင်နုအား ဝင်ခွင့်တောင်းပြီး ဒေါ်လွန်းထိပ်ထား အိမ်ထဲသို့ ဝင်လာကာ အိမ်အပြင်အဆင်ကို တစ်ချက်ဝှေ့ကြည့်လိုက်သည်။မိမိအိမ်လောက် မခမ်းနားသော်လည်း အခြေအနေတော့ မဆိုးလှ။ဧည့်ခန်းကို မှန်ပတ်ပတ်လည် ကာထားကာ အလည်တွင် ထားရှိသည့် ဆိုဖာစတီအနက်ရောင်ကြီးက ခန့်ခန့်ထည်ထည်တော့ရှိသည်။
Lv အိတ်ကို လက်မှာချိတ်လျက် ဧည်းခန်းထဲရောက်သည်နှင့် ဆိုဖာပေါ်တွင်ခြေချိတ်ထိုင်ကာ တပ်ထားသည့် မျက်မှန်ကို ခေါင်းပေါ်ပင့်တင်လိုက်သော ဒေါ်လွန်းထိပ်ထား။
"ခဏထိုင်ပါဦးနော်...ကျွန်မ သောက်စရာလေး တစ်ခုခု နဲ့ဧည့်ခံချင်လို့.."
ဒေါ်ခင်ခင်နုက ပျာပျာသလဲ မီးဖိုချောင်ထဲသို့ သွားဖို့ လှည့်အထွက် ဒေါ်လွန်းထိပ်ထားထံမှ ထွက်လာသည့် စကားကြောင့် သူ(မ)ခြေလှမ်းတွေ ရပ်တန့်သွားသည်။
"မလိုပါဘူးရှင် ကျွန်မဒီကိုလာရတဲ့ အကြောင်းအရင်းပဲပြောချင်တယ်"
သူ(မ) အသံမှာမာထန်လျက်ရှိကာ ခက်ထန်သော မျက်နှာထားက တစ်ခုခုကို ဘဝင်မကျနေသလို။
ဒေါ်ခင်ခင်နု သိလိုက်သည်က သားတို့နှစ်ယောက်ကိစ္စပဲဖြစ်လိမ့်မည်။ဒီလောက်မြန်မြန်ဆန်ဆန် ဖြစ်လာမယ် မထင်ခဲ့ပေမဲ့ အခုတော့ အပြုံးလေးတစ်ခုနှင့်သာ ခေါင်းညိတ်ပြရင်း သူ(မ)ရှေ့တွင်ဝင်ထိုင်လိုက်၏။"ကျွန်မ ရှင်းရှင်းပဲပြောမယ် ရှင့်သားနဲ့ကျွန်မသား အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်တွေကို လုပ်နေကြတယ်"
ဒေါ်ခင်ခင်နုမျက်နှာကို စေ့စေ့ကြည့်ကာ
ခုံပေါ်သို့ ပစ်တင်လိုက်သော မိဘမဲ့ဂေဟာတွင် မသိမသာရိုက်ထားသည့် ဓာတ်ပုံပေါင်းများစွာ။
ဒေါ်ခင်ခင်နုမှာ ကြည့်လိုက်သော်လည်း အံ့ဩ
တုန်လှုပ်သွားခြင်းမရှိ။သားတို့ကိစ္စကို သိထားပြီးသားဖြစ်သည်။သို့သော်လည်း တစ်ဖက် မိဘ၏ဆုံဖြတ်ချက်ကိုပါ လေးစားရမည် မဟုတ်လား။