#For Unicode
မိုးဝသန်သို့ ရောက်ရှိခဲ့ချေပြီ။
မိုးနတ်သား၏ ပြုပြင်ဖန်တီးမှုကြောင့်
ငြိမ့်ညောင်းသာယာသည့်မိုးစက်သံလေးများနှင့်အတူ ပတ်ဝန်းကျင်တစ်ခုလုံး စွတ်စိုနေလေ၏။မနက်ဖြန် ကျောင်းများပြန်ဖွင့်တော့မည်ဖြစ်၍
ငြိမ်းစေတမာန်သည် သူ၏မိခင်ဝယ်လာသော ကျောင်းစိမ်းပုဆိုးနှင့်အင်္ကျီကိုအဆင်သင့်ထုတ်ကာ၊ မိခင် အလုပ်မှပြန်လာချိန်ကို စောင့်မျှော်နေသည်။မဆုံတာကြာပြီဖြစ်သော သူငယ်ချင်းများနှင့် ပြန်တွေ့ရတော့မှာကို တွေးရင်း မာန် ကျောင်းတက်ဖို့ရာ တက်ကြွနေ၏။မာန်သည် အသက်ဆယ့်ခြောက်နှစ် အရွယ်သာရှိသေးသော်လည်း အရွယ်နှင့်မလိုက်အောင် ရှည်လျားသော အရပ်၊ ဖြူ၀င်းသောအသားအရေ ၊ မေးရိုးထင်းထင်းနှင့် ထူထဲသောမျက်ခုံးတို့ကြောင့် တည်ကြည်ခန့်ညားသော
အမျိုးသားလေးတစ်ဦး ဖြစ်သည်။"တီ...တီ"
ခြံရှေ့မှ မေမေ့ ကားဟွန်းတီးသံကြောင့်
မာန် အောက်ထပ်သို့ အလောတကြီး ပြေးဆင်းသွားလေသည်။မာန်တို့ နေထိုင်ရာအိမ်လေးသည် လုံးချင်းနှစ်ထပ်တိုက်ဖြစ်ပြီး ခြံ၀န်းမှာလည်း အတော်အသင့် ကျယ်၀န်း၏။ ခြံထဲတွင်
မာန့် အမေ စိုက်ပျိုးထားသော နှင်းဆီပန်းပင်လေးများက အရောင်အသွေးစုံလင်စွာဖြင့် လှပနေသည်။ပန်းရနံ့လေးများလည်းထုံမွှေး
လျက်ပင်။မာန် ခြံတံခါးဖွင့်ပေးလိုက်သည်နှင့် မေမေ့
ကားလေးက ခြံထဲသို့ တရွေ့ရွေ့၀င်လာခဲ့သည်။"သား ထမင်းစားပြီးပြီလား"
မေမေ ကားပေါ်မှ ပါဆယ်ထုပ်လေးဆွဲကာ ဆင်းလာ၏။
"မစားရသေးပါဘူး..သားက မေမေ့ကိုစောင့်နေတာ"
"အတော်ပဲ မေမေ.. သား စားဖို့ ကြက်ကင်၀ယ်လာတယ်"
"ဟာ ရှယ်ဘဲ ဗိုက်ဆာဆာနဲ့ဆွဲပြီ"
သားအမိနှစ်ယောက် စကားတပြောပြောနှင့်
အိမ်ထဲသို့ ၀င်လာခဲ့ကြသည်။အိမ်ထဲရောက်
မှ မေမေက မာန့်ကို ကြက်ကင်ထုပ်လေး လှမ်းပေးရင်း စကားဆက်၏။