#For Unicode
Ring...Ring..
ကျယ်လောင်သော ဖုန်း ringtone သံကြောင့် မာန် အိပ်ရာမှ လန့်နိုးလာခဲ့သည်။လွန်းကတော့ ကိုယ်လေးတစ်ချက်သာ လှုပ်သွားပြီး မာန့် ရင်ခွင်ထဲတိုးဝင်ကာ ပြန်အိပ်ပျော်သွား၏။
"ကျစ်!!! မနက် စောစောစီးစီး ဘယ်ကဖုန်းလဲကွာ...ငယ်နိုးသွားတော့မှာပဲ"
မာန် အိပ်ချင်မူးတူးနှင့် ပါးစပ်ကလည်း မကျေမချမ်း ရေရွတ်ရင်း ညအိပ်မီးတင်ထားသည့် စားပွဲပေါ်မှ ဖုန်းကို ဟိုစမ်းဒီစမ်းလုပ်ကာ ဆွဲယူလိုက်သည်။သို့သော် မာန့် ဖုန်းလာနေခြင်းမဟုတ်။လွန်း ဖုန်းကို အဆက်မပြတ် ခေါ်နေခြင်းပင်။
"ဪ...အရေးထဲ"
လက်ထဲက ဖုန်းကို ကုတင်ပေါ်သို့ပစ်ချကာ
အိပ်နေရာမှ မာန် ကိုယ်ကိုအနည်းငယ်ကြွ၍
လွန်း ဖုန်းကိုကမန်းကတန်း ယူကိုင်လိုက်ရသည်။"ဟေ့ကောင် ပိုးလုံး...မင်းသေနေတာ ခုထိ မထသေးဘူးလားကွ၊ယောက်ျားပြန်လာတာနဲ့ ယောက်ျားနားဘဲ ကပ်မနေနဲ့... ဆေးရုံက လူနာတွေ ဒုက္ခများတော့မယ် !!!!!"
အသံတဆာဆာနှင့် ရန်တွေ့နေသော အာကာ့အသံကြောင့် မာန် ဖုန်းကို နားနှင့် ခပ်မြန်မြန် ခွာလိုက်ရ၏။ဖုန်းကိုင်တာ ဘယ်သူမှန်းမသိ စွတ်ပြောနေပုံက မင်းယောက်ျားဆိုဘဲ။ လွန်း နိုးသွားမှာဆိုး၍ မာန် ရယ်ချင်စိတ်ကို မနည်းထိန်းကာ ဖုန်းစပီကာကို ပါးစပ်နားကပ်ပြီး လေသံတိုးတိုးနှင့်ပြန်ဖြေရသည်။
"အာကာ အစ်ကိုပါ...ငယ်ညက အိပ်တာ နောက်ကျသွားလို့....ခုထိအိပ်နေတုန်း ဒီနေ့ ခွင့်ယူပေးပါလား...ငယ် အိပ်ရေးပျက်မှာဆိုးလို့ မနှိုးချင်ဘူး"
အာကာ့ မျက်နှာကြီးမှာ မဲ့ခနဲ။ပိုးလုံး...ပိုးလုံး မင်းလုပ်ထားဦး...။စိတ်ထဲက အဆဲနည်းပေါင်းစုံ ထွက်နေပေမဲ့ ပါးစပ်ကတော့ ထုတ်မပြောရဲ။
"ဟုတ်ဟုတ် ကိုမာန်...ကျွန်တော် ခွင့်ယူထားပေးမယ်"
အာကာ တဟုတ်ဟုတ်နှင့် ယဉ်ယဉ်ကျေးကျေးသာ ပြန်ပြောလိုက်ရသည်။
"အင်း....ကိုကို"
သူ အိပ်နေတာကို ဘေးမှာ ဖုန်းပြောသံဆူနေ၍ လွန်း မျက်မှောင်လေး တွန့်ချိုးကာ မျက်လုံးကပွင့်မလာဘဲညည်းညူသံလေး ထွက်လာ၏။