အပိုင်း(၃)-ကုန်တင်ကားကိုတမင်ဝင်တိုက်ခြင်း

3.8K 560 30
                                    

"ယန်ရှယ်တစ်ယောက် ကျန်းထင်ကိုမြင်လိုက်ရသဖြင့် လမ်းကြောင်းပြောင်းလိုက်​၏။ လီဗာကိုနင်း၍ ကုန်တင်ကားဆီသို့ အသားကုန် မောင်းနှင်သွားတော့သည်"
-------------------------------------------------------------

နောက်တစ်နေ့

"ရှင့်ရဲ့အချိန်တွေဖဲ့ပြီး ကျွန်မကိုလာတွေ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မ....."

ယန်ရှယ်ကချက်ချင်းတုန့်ပြန်လိုက်​၏။

"ကျွန်တော်သိပါတယ်"

ဤအဆင့်မြင့်စားသောက်ဆိုင်သည် မြို့ထဲရှိ သီးသန့်ဆန်၍သာယာလှသော ပတ်ဝန်းကျင်တွင် တည်ရှိပေသည်။ စန္ဒယားမှ အသံလှိုင်းတို့က အခန်းတွင်း ငြိမ့်ညောင်းစွာဖြင့် လွင့်မျောနေပြီး ငွေရောင် ဇွန်းခရင်းတို့​၏ ညင်ညင်သာသာရိုက်ခံသံတို့ကိုလည်း ကြားနေရသည်။ သူ​၏ မျက်နှာချင်းဆိုင်တွင်ထိုင်နေသော အမျိုးသမီးမှာနှုတ်ခမ်းကိုကိုက်လျက် ရိုသေစွာ ပြောလာလေသည်။

"ကျွန်မရှင့်ရဲ့ ရဲအမှုထမ်းအလုပ်ကိုရော၊ စွန့်လွှတ်အနစ်နာခံမှုကိုရော လေးစားပါတယ်။ ဒါပေမဲ့လည်း ......."

"ကျွန်တော်နားလည်ပါတယ်"

ယန်ရှယ်က တုံ့ပြန်လိုက်​၏။

"အရာရှိယန်, ရှင်ကယောက်ျားကောင်းတစ်ယောက်ပါ ။ ပြီးတော့ ရှင့်ရဲ့အသွင်အပြင်ရော အဆင့်အတန်းရောက ထူးကဲပြီးသားပါ။ အနာဂတ်မှာ သေချာပေါက် ရှင်........"

"ကျွန်တော်သိပါတယ်"

ယန်ရှယ် ဖြေလိုက်ပါ​၏။

သူတို့တစ်ယောက်ကိုတစ်ယောက် အတန်ကြာအောင် စိုက်ကြည့်နေပြီးနောက် အမျိုးသမီးက သူမလျှာကို ကိုက်လိုက်လေသည်။

ယန်ရှယ်က သူမကို ရိုးသားစွာဖြင့် နှစ်သိမ့်လိုက်​၏။

"မစိုးရိမ်ပါနဲ့။ ကျွန်တော်တို့ကို မိတ်ဆက်ပေးတဲ့လူကို ကျွန်တော်ပဲရှင်းပြလိုက်ပါ့မယ်"

ထိုအခိုက်အတန့်မှာပင် သူမရင်ထဲမှ ပေါင်ရှစ်ရာလောက်လေးနေသော ဝန်ထုပ်ဝန်ပိုးကြီးမှာ ပြုတ်ကျသွားချေပြီ။ စိတ်တို့ပေါ့ပါးသွားသည်နှင့် တစ်ပြိုင်နက် သူမလက်ကိုဝေ့ပြလျက် စားပွဲထိုးတစ်ယောက်ကိုခေါ်လိုက်လေသည်။

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now