အပိုင်း(၅)နာမည်က ချူစင်၊ သက်ညှာမှုရဲ့'စင်'

2.8K 530 45
                                    

တစ်ညလုံး ဆေးဝါးအသစ်​၏အရင်းအမြစ်ကို ရှာဖွေနေရ၍ ပင်ပန်းနွမ်းနယ်နေသော်လည်း စုံစမ်းစစ်ဆေးရေးအရာရှိများက သေဆုံးသူ​၏ ကိုယ်ရေးအချက်အလက်ကို ရှာတွေ့ပြီဟု ကြားလိုက်ရသောအခါ ချင်ချွမ်းတစ်ယောက် အနားမယူတော့ဘဲ မြို့တော်ရုံးချုပ်ဆီ အသော့နှင်ခဲ့သည်။ သူတံခါးကိုဖွင့်လျင်ဖွင့်ချင်း နေရာတွင်ပင် အံ့ဩတုန်လှုပ်စွာ ရပ်မိသွား​၏။

"ဒါ......ဒါပေမဲ့ သူက အသက်ရှင်နေသေးတယ်?"

မာရှန်​၏မျက်နှာတွင် သွေးရောင်မရှိတော့။

"ငါတို့စုံစမ်းတာများမှားနေတာလား..."

ယန်ရှယ်က စစ်ဆေးရေးအခန်းရှေ့တွင် လက်ပိုက်ရင်း အေးစက်စွာဆိုလိုက်လေသည်။

"မင်းဝင်သွားပြီးသတ်လိုက်လေ"

စစ်ဆေးရေးအခန်းထဲတွင် မီးခိုးရောင်ဖျော့ဖျော့ ရှပ်အင်္ကျီနှင့် အဖြူရောင်ကုတ်အင်္ကျီရှည်ကို ဝတ်ဆင်ထားသော အသက်နှစ်ဆယ်ဝန်းကျင်လူငယ်တစ်ယောက် ထိုင်နေသည်။ သူက လက်ချောင်းများကို တင်းကြပ်စွာယှက်လျက် စားပွဲပေါ်တင်ထား​၏။ သူ​၏အမူအရာမှာ နိုးနိးကြားကြားနှင့် သတိရှိရှိစောင့်ကြည့်နေပုံပေါ်ပြီး ဖြစ်နိုင်သည်မှာ ဒီမနက် ဓာတ်ခွဲခန်းထဲဝင်လာချိန်တွင် ရဲများက ရုတ်တရက်တဇွတ်တိုးဝင်လာပြီး သူ့အားဌာနသို့ဆွဲခေါ်လာသောကြောင့် မည်သို့မည်ပုံ တုံ့ပြန်ရမည်မှန်းမသိဖြစ်နေခြင်း ဖြစ်ပေမည်။ သူ​၏လက်ဖမိုးပေါ်မှာ သွေးကြောများပင် သိသိသာသာ ဖုဖောင်းနေပြီဖြစ်သည်။

"မင်းက ချူးစင်?"

"ဟုတ်တယ်"

"အသက်ဘယ်လောက်ရှိပြီလဲ။ ဘယ်ကလဲ?"

"နှစ်ဆယ့်တစ်။ ကွေ့ကျိုးက"

"အလုပ်အကိုင်?"

"ပေကျင်းမှာ ဓာတုဗေဒဂုဏ်ထူးတန်းတက်နေတယ်"

"ကျန်းနင်ကိုဘာကြောင့်လာတာလဲ"

"ကျွန်တော်က ဘွဲ့ရတော့မှာလေ။ ကျွန်တော့ရဲ့ ဘာသာရပ်အကြံပေးက ဒီက စက်မှုလုပ်ငန်းဆိုင်ရာဓာတုဗေဒကော်ပိုရေးရှင်းတစ်ခုမှာ အလုပ်သင်လာဆင်းခိုင်းလို့"

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now