အပိုင်း(၄၄)-စုံစမ်းစစ်ဆေးရေးခေါင်းဆောင်​၏ ကြင်ဖက်တွေ့ခြင်းဒိုင်ယာရီ(၂)

2K 422 187
                                    

မှုခင်းရေးရာစုံစမ်းစစ်ဆေးရေးခေါင်းဆောင်​၏ ကြင်ဖက်တွေ့မှုမှတ်တမ်း (ဒုတိယပိုင်း)
---------------------------------------------------

"ရှင် နားချိန်မှာ ဘာတွေလုပ်ရတာကြိုက်လဲ?"

မိန်းမလှလေးသည် ငါးဟင်းလျာကိုဓားနှင့်ဖြတ်နေရင်း ကျော့ရှင်းသော အပြုံးတစ်ပွင့်နှင့် မေးလေသည်။

ဟင်းလျာပြင်ဆင်ထားပုံမှာ လက်ရာမြောက်ပြီး လက်ဆက်သောအသွင်ကို ဆောင်ချေသည်။ ငြိမ့်ညောင်းသာယာလှသော စန္ဒရားသံစဉ်များကြားတွင် ဝန်ထမ်းများ ကူးလူးသွားလာနေသော်လည်း ခြေသံတစ်စိုးတစ်စိမျှမကြားရ။ ယန်ရှယ်​၏ အကြည့်တို့မှာတော့ မျက်နှာချင်းဆိုင်ကို ခုန်ပျံကျော်လွှား၍ စားသောက်ဆိုင်အခြားတစ်ဖက်ထောင့်တစ်နေရာကိုသာ ရောက်ရှိနေသည်။ မိန်းမလှလေးလည်း ဖော်ရွေပျူငှာသော လေသံကို ထင်ပေါ်စေလျက် ဖိပြောလိုက်​၏။

".......ရှင် နားချိန်တွေမှာ ဘာလုပ်ရတာကြိုက်လဲ?"

"ဟမ်?"

ယန်ရှယ် အသိစိတ်ပြန်ဝင်လာပြီး

"နားချိန်ဆိုတာမျိုး မရှိဘူး။ မြို့တော်ရုံးချုပ်က တစ်လနှစ်ခါ အချိန်ပိုခေါ်တယ်။ လဝက်ကို တစ်ခါစီပေါ့။"

"......ဒါဆို အားလပ်ရက်ရရင်ရော စာအုပ်ဖတ်တာတို့၊ ခရီးထွက်တာတို့ ဒါမှမဟုတ် ဂီတပွဲတော်သွားတာတို့မလုပ်ဘူးလား?"

"ဂီတလား?"

ယန်ရှယ်က စိတ်မပါလက်မပါ ပြန်ဖြေသည်။

"ကားမောင်းတဲ့အချိန် 'ဖုန့်ဟွမ်ချွမ်ချီ' ဆိုလားဘာဆိုလား သူတို့ဟာတွေ ဖွင့်ထားတတ်တယ်။"

"........"

အနှီမိန်းကလေးမှာ မျက်နှာအမူအရာတို့အားထိန်းချုပ်ရာ၌ ကျွမ်းကျင်ပုံပေါ်သည်။ သူမက ခေါင်းစဉ်အသစ်တစ်ခုပင် ပြောင်းလိုက်သေး​၏။

"ရှင်က အမြဲအလုပ်ရှုပ်နေတာဆိုတော့ အမှုတွေအများကြီးကိုင်တွယ်ရတာပေါ့နော်။"

ယန်ရှယ်  :   " အာ၊ ဒါပေါ့!"

"မိုက်လိုက်တာ။ ကျွန်မက ငယ်ငယ်ကတည်းက ရဲတွေကိုဆို သိပ်လေးစားတာ! ရှင်သိတဲ့ ထူးထူးဆန်းဆန်းအမှုလိုက်ဖြစ်စဉ်လေးဘာလေးအကြောင်း ကျွန်မကိုပြောပြပါလား?"

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now