အပိုင်း(၅၁)- မင်း ငါ့ကိုယုံလား?

2K 405 26
                                    

"ငါမင်းကို ငါ့နားခေါ်ထားတယ်ဆိုတာ မင်းကိုယုံကြည်လို့ရယ်လို့ မဟုတ်ဘူး။ ငါ့ဟာငါ ယုံကြည်မှု ရှိစေဖို့အတွက်ပဲ။"
---------------------------------------------

"ခင်ဗျားဘာတွေကြည့်နေတာလဲ?"

ယန်ရှယ်​၏လေသံမှာ ချိုသာသော်လည်း ဝမ်းရှင့်ရဲ့ဆိုသူကတော့ သူခိုးလူမိသည့်နှယ် တစ်ချက်တုန်ပြီးကာမှ သတိပြန်ဝင်လာသည်။

"ဘာမှမဟုတ်ပါဘူး၊ ဘာမှမဟုတ်ပါဘူး၊ ကျွန်တော်အမြင်မှားတာပါ၊ ကြည့်ပါဦးဒီမျက်လုံးကတော့........"

"အမြင်မှားတာ?"

"ဟုတ်ပါတယ် ဟုတ်ပါတယ်"

ဝမ်းရှင့်ရဲ့က ယန်ရှယ်​၏ လက်အစုံကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုတ်ကိုင်လျက်

"ခင်ဗျားတို့ခုနကပြောတော့ ကျွန်တော့တူမလေးက ပြန်ပေးဆွဲခံရတယ်ဆို? နားထောင်ရသလောက်တော့ မဖြစ်နိုင်ဘူးလားလို့?"

ယန်ရှယ်ထလာပြီး သူ့ပုခုံးကိုအားပါပါလေးပုတ်လိုက်​၏။

ဝဝဖိုင့်ဖိုင့်ဝမ်းမျိုးရိုးခမျာမှာတော့ နံနက်စာစားခန်းကြီး​၏ အရှေ့ပေါက်အထိ သူ့နောက်တကောက်ကောက်လိုက်ရတော့သည်။

ဤခြောက်ကပ်ကပ်တည်းခိုခန်းမှာ အစကတည်းက ဧည့်ဝင်သိပ်မရှိလှ။ စင်္ကြံလမ်းထောင့်နေရာရှိ မီးဖိုခန်းလေးမှာလည်း ယခုများတော့ ရဲများ​၏ ရှင်းလင်းခြင်းကိုခံထားရသည်။ ယန်ရှယ်သည် အနားမှ တွေ့ရာ ခုံတစ်လုံးကို ဆွဲထိုင်လိုက်ပြီး ဝမ်းရှင့်ရဲ့ကိုပါ ထိုင်ရန်အချက်ပြလိုက်​၏။ ထို့နောက် ကျုံးဟွာဘူးထဲမှ အပျော့တစ်လိပ်ဆွဲထုတ်ပြီး ကမ်းပေးလိုက်သည်။ ဝမ်းရှင့်ရဲ့မှာ စိုးရိမ်ကြီးစွာဖြင့်

"အရာရှိယန်၊ ကျွန်တော့တူမလေးရဲ့ကိစ္စက....."

"ခင်ဗျားခုနက ဘာကိုအမြင်မှားတာလဲ?"

ဝမ်းရှင့်ရဲ့ကား အလစ်ငိုက်တိုက်ခိုက်ခံလိုက်ရသည့်ဟန်။

ယန်ရှယ်​၏ ဖြောင့်တန်းထူထဲသော မျက်ခုံးတို့ မြင့်မြောက်သွားပေသည်။

ယန်ရှယ်သည် အပြုံးမမည်သောအပြုံးတစ်ခုဖြင့် စိုက်ကြည့်နေလျက် ဖြည်းဖြည်းချင်း မေးလေ​၏။

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now