အပိုင်း(၁၁)-အသားကျသွားလိမ့်မယ်

2.6K 509 71
                                    

"မင်းပြောပုံအရဆို မင်းကိုသေစေချင်တဲ့လူတော်တော်များတာပဲ။"
"တဖြည်းဖြည်းနဲ့အသားကျသွားပါလိမ့်မယ်။"

--------------------------------------------------------------

ကျန်းထင်က ထိုလူ​၏ ညာဘက်နံရိုးရှိရာကို တံတောင်နှင့် ထိုးလိုက်ရာ ခြေလှမ်းဝက်မျှနောက်ဆုတ်သွားပြီး ရှူးရှူးရှဲရှဲအသံထွက်လာသည်။ သို့ရာတွင်ထိုလူမှာ အတွေ့အကြုံရှိအတိုက်အခိုက်သမားပီပီထိခိုက်နာကျင်မှုနှင့်စိမ်းပုံမပေါ်ချေ။ ထို့ကြောင့် ကျန်းထင်လှည့်လာသည်နှင့် အလင်းအလျင်ဖြင့် ခုန်အုပ်ခံလိုက်ရပြီး နံရံ၌အားသုံး၍ဖိထားခံရပြန်သည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် သူတို့​၏နှာခေါင်းထိပ်များမှာ တစ်လက်မမျှသာ ကွာဝေးတော့သည်။

ဤသို့အတင်းဖိနှိပ်ထားမှုကြောင့် ခန္ဓာနှစ်ခုသည် ပူးကပ်နေပြီး ထိုလူ​၏သန်မာလှသောခန္ဓာကိုယ်မှ အပူစီးကူးလာသည်ကိုပင် ခံစားနေရသည်။

ကျန်းထင်ကထိုလူထံမှလေပူတို့ကိုရှောင်ရှားရန် ခေါင်းအနည်းငယ်မော့လိုက်လေသည်။ ထို့နောက် လေသံဖျော့ဖျော့နှင့် စကားဆိုလိုက်​၏။

"......အရာရှိယန်။"

ယန်ရှယ်၏ နှုတ်ခမ်းတို့ ကော့တက်သွားသည်မှာ ကျန်းထင်​၏ နှုတ်ခမ်းဖျားတို့နှင့် ထိလုမတက်ပင်။ ထိုနှုတ်ခမ်းနှစ်လွှာကိုဖွင့်လိုက်သည့်အခါ အမေးစကားတို့ထွက်လာသည်။

"ဘာပြဿနာများဖြစ်လို့လဲ? မင်းနဲ့အိပ်ခဲ့တဲ့မိန်းကလေးရဲ့ ယောက်ျားလိုက်လာလို့လား?"

ကျန်းထင် ပြန်ဖြေချင်စိတ်မရှိတော့ပါ။

ထိုအခိုက် အနောက်ချုံပုတ်နားမှ 'ဘန်း' ဟူသောအသံကျယ်ကြီးကြားလိုက်ရသည်။ လျှာထိုးဦးထုပ်နှင့်လူကြီးက ခြံစည်းရိုးကိုကျော်၍ သူတို့နှင့်နီးကပ်လို့လာလေပြီ။

ကျန်းထင်လှုပ်ရှားမည်အပြု ယန်ရှယ်က အလျင်အမြန်ချုပ်ထားလိုက်သည်။ မတိုးသာမဆုတ်သာအခြေအနေတွင် တစ်ဦးနှင့်တစ်ဦးအပြန်အလှန်သာ စိုက်ကြည့်လိုက်ကြ​၏။ လွတ်လမ်းမရှိတော့သောကျန်းထင်မှာ အနီးအနားမှချုံပုတ်ကို မေးဆက်ပြပြီး မျက်ခုံးပင့်ကာ 'ကျေးဇူးပြုပြီး' ဟူ၍ ပါးစပ်လှုပ်ရုံမျှသာပြောလိုက်​၏။

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now