အပိုင်း(၅၉)-ရေသန့်

1.8K 410 66
                                    

ကျန်းထင်​၏ အသံတွင် အားနည်းခြင်းအငွေ့အသက်တို့ ပါမနေသလို ပျော်ရွှင်ခြင်း၊ ဒေါသထွက်ခြင်း၊ စိတ်လှုပ်ရှားခြင်းတို့လည်း စိုးစဉ်းမျှ မပါရှိဘဲ ပြောလိုက်သည်က "သိပြီ"
--------------------------------------------

ထျန်းဇုန့်တောင်။

ဘာလိုလိုနှင့် သတိမထားလိုက်မိခင်မှာပင် မိနစ်လက်တံသည် တရွေ့ရွေ့ခရီးနှင်ရင်း တင်းပြည့်သော နာရီဂဏန်းအဖြစ် ကမ်းကပ်ချေပြီ။ နေမင်းကြီးဟာလည်း တိုးတိုးတိတ်တိတ်နှင့် တောအုပ်ကြီးထဲ ပုန်းခိုဖို့ပြင်နေသည်။ မှိုင်းပျသော သွေးနီရောင်က မျက်စိတစ်ဆုံး လျှပ်ပြေးနေကာ မိုးကုတ်စက်ဝိုင်းပေါ်၌ ရောင်ခြည်ဆေးပုံး ပက်ဖြန်းချေသည်။

ရှိန်းရှောင်ချီ​၏ လက်မှာ ဆတ်ခနဲ လှုပ်လာပြီး မေ့မျောနေရာမှ သတိလည်လာ​၏။

"....... ......"

သူ ပုဝေးကို ခေါ်ချင်သော်လည်း အက်ကွဲနေသော နှုတ်ခမ်းများက လှုပ်ရုံသာလှုပ်သွားပါသည်။ အသံကတော့ ထွက်မလာ။ အချိန်တစ်ခုကို ကြာမြင့်စွာဖြတ်သန်းသွားပြီးသည့်နောက်ပြီး တဖြည်းဖြည်းခေါင်းကြည်လာချိန်တွင် မိမိမှာ တောင်ကုန်းထိပ်ရှိ ဟင်းလင်းပြင်တစ်နေရာ၌ လဲလျောင်းနေခြင်းဖြစ်ကြောင်း သတိပြုမိသွားလေသည်။ မီးတောက်​၏ အရောင်ကိုအမွေရထားသော စိန်ပန်းပင်များ ကြီးစိုးရာနယ်မြေဖြစ်သည့်အလျောက် နောက်ဆုံးသော ဆည်းဆာရောင်ခြည် ကျရောက်လာချိန်၌ တစ်တောလုံးမီးလောင်နေသည်နှင့်ပင် တူ​၏။

တောင်ထိပ်ကို ဘယ်လိုလုပ်ရောက်လာတာလဲ?

ရှိန်းရှောင်ချီမှာ များများစားစား မတွေးလိုက်နိုင်။ ဤနေရာ၌ ရှိနေရန် လုံးဝမဖြစ်နိုင်သော ခပ်လှမ်းလှမ်းရှိ အရာဝတ္ထုတစ်ခုက သူ့အာရုံအလုံးစုံကို ဖမ်းစားသွားလေ​၏---အံ့ဩစရာကောင်းလောက်အောင် ရေဘူးတစ်ဘူး ရှိနေသည်။

__မြေပေါ်တွင် မားမားမတ်မတ် ရပ်တည်နေသော ရေသန့်တစ်ဘူး!

ရှိန်းရှောင်ချီသည် မျှော်လင့်ချက်ပျက်သုဉ်းနေသော အခြေအနေတွင် ထင်ယောင်ထင်မှားဖြစ်နေသည်ဟုပင် တခဏ ထင်မိသွားသော်လည်း ရှင်သန်လိုသော မသိစိတ်က စိတ်အာရုံအလုံးစုံကို လွှမ်းမိုးသွားပေသည်။ ကိုယ့်ကိုယ်ကိုယ် ဘာလုပ်နေမှန်း သတိထားမိချိန်တွင် တောင်စောင်းကို ကုတ်ကတ်တတ်နေသည့် အနေအထား၌ ရှိနေကာ ရေဘူးကို မလွတ်တမ်း လှမ်းယူဆုတ်ကိုင်လိုက်တော့သည်။ သူရေဘူးအဖုံးဖွင့်စဉ် အလွန်အမင်းတုန်ရီနေသည့်အတွက် ရေအချို့ပင် ဖိတ်စင်သွားရ​၏။

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now